October 18, 2024

၂၀.၆.၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာတံတားအတက်ဘက်အခြမ်းမှာ ရှေ့ကမောင်းနှင်နေတဲ့ တွဲကားကို နောက်က ဝိတ်အပြည့်တင်လာတဲ့ ကုန်တင်ယာဉ်က ဝင်တိုက်တာကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားအတွင်းလူညပ်နေတဲ့ ဖြစ်စဉ် ဒီနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ကနောင် ရှင်ရေးကူညီမှု အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ကဇော်ဖက်တွေတင်ဆောင်လာတဲ့ ဖောကားက တံတားကိုတက်ဖို့ အရှိန်ယူလာစဉ်မှာ ရှေ့ကမောင်းနှင်နေတဲ့ ကုန်တင် ၂၂ ဘီးယာဉ်က ရုတ်တရက် ဘရိတ်အုပ်လိုက်တာကြောင့် အရှိန်နဲ့ ၂၂ ဘီးယာဉ်ရဲ့ နောက်ဘက်ကို တိုက်မိတာလို့ သိရပါတယ်။

မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ကနောင်ရှင်ရေးကူညီမှုအသင်း တာဝန်ရှိသူက “ကျွန်တော့်အသင်းက ရောက်သွားတော့ ကဇော်တင်လာတဲ့ ဖောကားပေါ်မှာ သက်ကြီးပိုင်းအမျိုးသားနှစ်ဦးက ညပ်နေတယ်။ အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့က Cutter တွေ ဟိုက်ဒရောလစ်တွေသုံးပြီး ခဲရာခဲဆစ် ထုတ်ရပါတယ်။ သူတို့ ခြေထောက်အောက်ပိုင်းတွေ ညပ်နေကြတာမှာ ဦးလေးတစ်ယောက်က အရင်ကတည်းက ခြေတစ်ဖက်ဆုံးရှုံးထားတယ်။ ကောင်းတဲ့ခြေထောက်တစ်ဖက်က ကားနဲ့ ထပ်ပြီး ညပ်နေတော့ အတတ်နိုင်ဆုံးကူညီသယ်ထုတ်ပြီး ဆေးရုံပို့ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် ကားခေါင်းခန်းအတွင်းညပ်နေသူ ယာဉ်မောင်းနဲ့ ဘေးမှအဖော်လိုက်ပါလာသူ ထိခိုက်ဒဏ်ရာရ ကျား(၂)ဦး(မစိုးရိမ်ရ)တို့အား ကနောင်လူမှုကူညီရေးအသင်းနဲ့ Medical လူငယ်များအသင်းယာဉ်တွေက အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *