October 18, 2024

၂၀ .၆ .၂၀၂၄
Written by Nay Moe

ချင်းပြည်နယ် မတူပီမြို့က တပ်စခန်းတွေ သိမ်းယူနိုင်ဖို့ ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုအောက်မှာ CNA/ CDFs တပ်ဖွဲ့တွေက စစ်မျက်နှာတိုးမြှင့်ဖွင့်ထားတဲ့အတွက် မတူပီမြို့အဝင်အထွက်လမ်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ CDF-မတူပီ တပ်မဟာ ၂ က ကြေညာချက်ထုတ်လာပြီး မလိုက်နာရင် ပစ်မိန့်ပါပေးခဲ့ပါတယ်။

ဒီနေ့ဇွန်လ ၂၀ ရက်မှာ CDF-မတူပီ တပ်မဟာ ၂ က မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်း နှင့် မတူပီ-လိုင်လဲန်းပီလမ်းကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီလို့ ထုတ်ပြန်လာတာဖြစ်ပြီး ထုတ်ပြန်ချက်ကို ပြည်သူတွေ လိုက်နာခြင်းမရှိရင် ကြီးလေးတဲ့ ပစ်ဒဏ်ခံယူရမှာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ လိုက်နာခြင်းမရှိရင် ပစ်မိန့်ပေးတယ်လို့လည်း CDF-မတူပီ တပ်မဟာ ၂ ကထုတ်ပြန်ချက်မှာ ဖော်ပြလာပါတယ်။

စစ်ရေးအရအချက်အချာကြတဲ့ မတူပီမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် AA ဦးဆောင်မှုအောက်က NUG ဩဇာခံ ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေက ဇွန်လ ၉ ရက်နေ့ကတည်းက ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်နေသလို ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ CNA/CDF တပ်ဖွဲ့တွေကလည်း လုပ်ဆောင်နေတာကြောင့် အငြင်းပွားနေသလို ဇွန်လ ၁၇ ရက်မှာလည်း AA နဲ့ ချင်းညီနောက်က CNA/CDF အဖွဲ့ဝင်တစ်ဦး ဖမ်းလိုက်တာကြောင့် ဇွန်လ ၁၈ ရက်မှာ CNA/CDF က ပစ်ခတ်လို့ AA နဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဘက်က ၂ ယောက်သေပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။

CDF-မတူပီမှာ တပ်မဟာ ၁ နဲ့ ၂ ရှိနေပြီး တပ်မဟာ (၁) ဟာ AA နဲ့ NUG ​ဩဇာခံ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ (၂) ဟာ ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သလို AA တပ်ဖွဲ့ဟာ ချင်းလူမျိုးတွေကို ကျောင်းသူပါမချန် မုဒိမ်းကျင့်တာ၊ မူးယစ်ဆေးဖြန့်တာ၊ စစ်သားစုတာ၊ အနိုင်ကျင့်နှိပ်စက်တာကြောင့် AA ဦးဆောင်မှုအောက်က ချင်း PDF တွေနဲ့ AA ကို မနှစ်သက်တဲ့ ဌာနေချင်းလက်နက်ကိုင်တွေအကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *