October 23, 2024

ရေနစ်သေဆုံးသူများကို တွေ့ရစဥ်

၂၃. ၁၂. ၂၀၂၂
Written by Naing Thuta

အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်မြို့)မှ ကျောင်းသား/သူ ၃ ဦး ပျော်ပွဲစားထွက်ရင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ရေဖြူကျေးရွာအုပ်စုရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်မြို့)မှ ကျောင်းသား ၄ ဦး၊ ကျောင်းသူ ၄ ဦးတို့သည် ဆိုင်ကယ် ၃ စီးဖြင့် ပျော်ပွဲစားထွက်ခဲ့ရာ သရက်မြို့၊ (၄) ရပ်ကွက်၊ ပဲ့ထောင်ဆိပ်ကမ်း၌ ဆိုင်ကယ်များအပ်ခဲ့ပြီး စက်လှေတစ်စီးကို ငှားရမ်းကာ ရေပေါ်ကျွန်းကျေးရွာမြောက်ဘက်ရှိ သဲသောင်ပေါ်ထွန်းနေသည့်( ဃ) ကွေ့၊ ဧရာဝတီမြစ်အရှေ့ဘက်သို့ သွားရောက်၍ ရေဆင်းကူးကြရာမှ ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၂ ဦးတို့မှာ ရေနစ်သေဆုံးသွားပြီး အလောင်းများအား သရက်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ညနေ ၅ နာရီကျော်တွင် ပို့ဆောင်ခဲ့ပြီး ရင်ခွဲစစ်ဆေးခဲ့ကြောင်း သိရသည်။

“သွားကြတာ သူငယ်ချင်း ၈ ယောက်အတူ။ ပျော်ပွဲစား။ မနက်ကတည်းက ကျောင်းကနေထွက်ခဲ့ကြတာ။ ရေဆင်းကူးတော့ ၈ ယောက်လုံး။ ပြန်တက်လာတော့ ၅ ယောက်ပဲပြန်တက်လာလို့ အနီးမှာတွေ့တဲ့ ဦးလေးကြီးတစ်ယောက်ကို အကူအညီတောင်းလိုက်တာ။ အဲဒီဦးလေးက တဲကိုပြေးပြီး ငါးဖမ်းပိုက်ကွန်ယူလာပြီး အဲဒီပိုက်ကွန်နဲ့ ဆွဲယူပြီး သူငယ်ချင်း ၃ ယောက်ကို ဆယ်ပေးခဲ့တာ။ ဒါပေမဲ့ အသက်မရှိတော့ဘူး။ ၃ ယောက်လုံး”ဟု သေဆုံးသူများနှင့်အတူသွားခဲ့သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ၃ ဦးအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ညနေ ၆ နာရီကျော်တွင် သရက်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၂၂ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။

၎င်းသေဆုံးသွားသူ ၃ ဦးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်ကျေးရွာမှ ကျောင်းလာတက်ကြသည့် အသက် ၁၇ နှစ်အရွယ် ပထမနှစ်ကျောင်းသူ ၂ ဦးနှင့် အသက် ၁၉ နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား ၁ ဦးတို့ဖြစ်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *