၂၀. ၆. ၂၀၂၄
Written by Nay Moe
ဖဲဝိုင်းတွင်ရှိနေသည့် ရာအိမ်မှူးကို သာယာဝတီ PDF အဖွဲ့က ပစ်သတ်လိုက်ပြီး ရွှေ၊ ငွေသုံးသိန်း၊ ဖုန်းနှင့် ဆိုင်ကယ်အပြင် ရာအိမ်မှူး၏ စာရွက်စာတမ်းများပါ လုယက်သိမ်းဆည်းလာခဲ့သည်ဟု ကျုးလွန်သည့်အဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါလုယက်သတ်ဖြတ်မှုမှာ ယမန်နေ့ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်က သာယာဝတီမြို့နယ်နှင့် ရန်ကုန်တိုင်းအစပ် တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ သဲဖြူ-ပိန်းရှိုလေးရွာနေ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးလည်းဖြစ်သော ရာအိမ်မှူး ဦးဝင်းမောင် ဖဲကစားနေသော ပိန်းရှိုလေးရွာနေအိမ်သို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ဝင်ရောက်သတ်ဖြတ်ခဲ့ရာ ဦးဝင်းမောင်မှ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သာယာဝတီ PDF က ထုတ်ပြန်ချက်ထုတ်သည်။
ဦးဝင်းမောင် ဖဲဝိုင်းအနီး သေဆုံးနေသောပုံကိုလည်း သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း ဦးဝင်းမောင် ဖဲရိုက်နေခြင်းဟုတ် မဟုတ် မသိရချေ။ အဆိုပါသတ်ဖြတ်မှုတွင် သာယာဝတီ PDF က အခြားမသက်ဆိုင်သူများကို အန္တရာယ်မပြုခဲ့ဟု ဆိုသော်လည်း ဖဲဝိုင်းအတွင်းမှ ဦးဝင်းမောင်၏ဆိုင်ကယ်နှင့် စာရွက်စာတမ်းများ၊ မှတ်ပုံတင်ကတ်၊ ကြံ့ခိုင်ရေးပါတီဝင်ကတ်၊ ဖုန်း(၁)လုံးနှင့် ဖဲဝိုင်းအတွင်းမှ ငွေကျပ်(၃)သိန်း၊ ရွှေဆွဲကြိုး(၁)ကုံး၊ လက်စွပ်(၁)ကွင်း တို့ကို လုယက်သိမ်းယူသွားကြောင်း သိရသည်။
အဆိုပါသိမ်းဆည်းရမိသည့် ရွှေ၊ ငွေကြေးပစ္စည်းများအားလုံးကို သက်ဆိုင်ရာ မြို့နယ်၊ သက်ဆိုင်ရာအဖွဲ့အစည်းများကို စနစ်တကျ အပ်နှံပေးသွားနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်ဟု သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်သော် လည်း အမှန်တကယ်အပ်မအပ်ကိုမူ MT News က အတည်မပြုနိုင်ချေ။
ပုံစာ။ ဦးဝင်းမောင်ကို သတ်ဖြတ်ပြီး သာယာဝတီ PDF လုယက်ထားသောပစ္စည်းများ မြင်ကွင်း