October 22, 2024

၂၀. ၆. ၂၀၂၄
Written by Nyein Kyaw

ရွှေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ကြပ်မတ်ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၄) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ မေလအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ မရှိမဖြစ်လိုအပ်သည့် သွင်းကုန်ပစ္စည်းများအတွက် နိုင်ငံခြားငွေရရှိရေးကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ (FESC) က စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံခြားငွေ အမှန်တကယ် အသုံးပြုရန်လိုအပ်သူများအတွက် ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရွှေနှင့်နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကြပ် မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

ဝိသမလောဘသမားများက ရွှေနှင့် နိုင်ငံခြားငွေဈေးနှုန်းများ ဆွဲတင်ဈေးကစားခဲ့မှုကြောင့် ပြီးခဲ့သည့် မေလအကုန်ပိုင်းတွင် ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၈ သိန်းကျော်နှင့် ဒေါ်လာဈေး ကျပ် ၄၈၀၀ ခန့်အထိ မြင့်တက်ခဲ့ခြင်းကြောင့် ရွှေနှင့်နိုင်ငံခြားငွေဈေး ဆွဲတင်ဈေးကစားသူများကို ဖမ်းဆီးအရေးယူခြင်းနှင့် နောက်ကွယ်မှ စေခိုင်းသူများကိုပါ ဖမ်းဝရမ်း ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရသည်။

လက်ရှိတွင် ကော်မတီအနေဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များ၊ ဆေးသိုလှောင်ရုံများနှင့် ဆေးဆိုင်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် အပတ်စဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အခြေခံစားသောက် ကုန်ပစ္စည်းဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ ရုတ်တရက်မြင့်တက်ခြင်းကြောင့် ဝင်ငွေနည်းပါးသည့် ပြည်သူများ၊ ပုံသေလစာရရှိသည့် ဝန်ထမ်းများကို အဓိကထိခိုက်ခံစားရသဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ နေပြည် တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အထူးအလေးထား၍ ကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *