October 23, 2024

၂၃.၁၂.၂၀၂၂
Written by Pan Ei

TikTok ၏ မိခင်ကုမ္ပဏီ ByteDance သည် ၎င်း၏ ဝန်ထမ်းများက အမေရိကန်စာနယ်ဇင်းသမားနှစ်ဦး၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မှားယွင်းစွာဝင်ရောက်ကြည့်ရှုခဲ့ကြပြီး အဆိုပါဝန်ထမ်းလေးဦးကို အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း TikTok ၏ ပြောရေးဆိုခွင့်ရှိသူ ဘရွတ် အိုဘာဝက်တာ က ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၃ရက်)တွင် အတည်ပြုပြောကြားခဲ့သည်။

Financial Times နှင့် BuzzFeed အတွက် အလုပ်လုပ်နေသော စာနယ်ဇင်းသမားနှစ်ဦးထံမှ TikTok အသုံးပြုသူဒေတာကို ByteDance ဝန်ထမ်းများက စာနယ်ဇင်းသမားများနှင့် ကုမ္ပဏီဝန်ထမ်းများအကြား ဆက်သွယ်မှုများကို ဖော်ထုတ်ရန် ရည်ရွယ်၍ စုံစမ်းစစ်ဆေးနေချိန်တွင် ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း ကုမ္ပဏီမှ သိရသည်။

ပြင်ပဥပဒေကုမ္ပဏီတစ်ခုမှ ကုမ္ပဏီကိုယ်စား စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ပြီးနောက် အမေရိကန်အခြေစိုက် ဝန်ထမ်းနှစ်ဦးနှင့် တရုတ်နိုင်ငံမှ နှစ်ဦးတို့သည် အလုပ်ထုတ်ခံခဲ့ရကြောင်း ByteDance ကုမ္ပဏီမှ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

စာနယ်ဇင်းသမားများ၏ TikTok အကောင့်များမှ ရယူသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များတွင် IP လိပ်စာများ ပါဝင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ IP လိပ်စာများသည် အသုံးပြုသူ၏တည်နေရာနှင့် ပတ်သက်သော အချက်အလက်များကို ပေးဆောင်နိုင်သည်။

အဆိုပါ ထုတ်ဖော်မှုသည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား အမျိုးသားလုံခြုံရေးစိုးရိမ်မှုများ၊ ဆိုက်ဘာလုံခြုံရေးများကြောင့် အမေရိကန်နိုင်ငံတွင် ရင်ဆိုင်နေရသော TikTok ကို စိစစ်နေမှုအပေါ်  ပိုမိုဆိုးရွားသွားစေနိုင်သည်။ အမေရိကန် ဥပဒေပြုအမတ်များသည် အသုံးပြုသူများ၏ အချက်အလက် လုံခြုံရေးနှင့် အမေရိကန်နိုင်ငံမှ TikTok အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ရယူခံရခြင်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

အဆိုပါဖြစ်ရပ်ကို တုံပြန်သည့်အနေဖြင့် TikTok က ကုမ္ပဏီအတွင်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ပြီး အဖွဲ့များကို ပြန်လည်ဖွဲ့စည်းထားကာ အမေရိကန်နိုင်ငံမှ အသုံးပြုသူဒေတာဝင်ရောက်ကြည့်ရှုခွင့်ကို ဖယ်ရှားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဘရွတ် အိုဘာဝက်တာ က ပြောကြားခဲ့သည်။

Financial Times က “စာနယ်ဇင်းသမားတွေကို သူလျှိုလုပ်တာ၊ သူတို့ရဲ့အလုပ်တွေကို နှောင့်ယှက်တာ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခြိမ်းခြောက်တာဟာ လုံးဝလက်မခံနိုင်ပါဘူး” ဟု သတင်းစာ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

BuzzFeed ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “စာနယ်ဇင်းသမားတွေရဲ့ ကိုယ်ရေးကိုယ်တာနှင့် အခွင့်အရေးတွေကို ဗြောင်ကျကျ လျစ်လျူရှုတာဖြစ်တယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *