October 18, 2024

၂၀. ၆. ၂၀၂၄
Written By Zun

မြိုင်ကြီးငူဒေသတွင် စစ်ရှောင်ကလေးငယ်များအပါအဝင် ကျောင်းသားဦးရေ ၆၀၀၀ ခန့် ပညာသင်ကြားနေကြ ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ထံက သိရသည်။

၎င်းဒေသတွင် အခြေခံပညာကျောင်းပေါင်း ၁၇ ကျောင်းရှိပြီး ယင်းတွင် ဖာပွန်မြို့နယ်အတွင်းမှ စစ်ရှောင်မိသားစုများ၏ ကလေးငယ်များအပါအဝင် လက်ရှိကျောင်းသားကျောင်းသူ ၅၉၇၀ ဦး အေးအေးချမ်းချမ်း ပညာသင်ကြားနေကြကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များပညာသင်ကြားနိုင်ရန် ကရင် ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးဦးစောချစ်သူနှင့် ဇနီး နန်းခင်လှသူ တို့က စုစုပေါင်းတန်ဖိုးငွေကျပ်သိန်းနှစ်သောင်းတစ်ရာခုနှစ်ဆယ်ရှစ်သောင်း တစ်ထောင်ငါးရာတန်ဖိုးရှိ စာသင်ဆောင် ၃ ဆောင်နှင့် ခန်းမဆောင်တစ်ခု၊ ဝန်ထမ်းအိမ်ရာတစ်ခုတို့ကို လက်ရှိ စာသင်နှစ်အတွက် ဆောက်လုပ်လှူဒါန်းခဲ့ရာ ယမန်နေ့ ဇွန်လ ၁၈ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အသစ်ဆောက်လုပ်သော စာသင်ဆောင်များမှာ မြိုင်ကြီးငူအထူးဒေသရှိ ဆွေချမ်းရိပ်မြိုင်ရပ်ကွက်၊ ဆွေချမ်းရိပ်မြိုင် အခြေခံပညာ မူလတန်းကျောင်းတွင် ပေ (၁၅၀×၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်၊ ချမ်းသာမြိုင် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပေ (၂၀၀×၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်၊ နန်းဟေမြိုင် အခြေခံပညာ မူလတန်းကျောင်းတွင် (၂၁× ၃၀)ပေရှိ RC ၁ ထပ်ကျောင်းဆောင်သစ် တို့ ဖြစ်ပြီး စုံဝဏာမြိုင်ရပ်ကွက်ရှိ မြိုင်ကြီးငူ အခြေခံပညာအထက်တန်းကျောင်းတွင် ပေ (၂၀၀×၄၅) ပေရှိ RC တစ်ထပ်ဝန်ထမ်း အိမ်ယာ၊ စုံနံသာမြိုင် အခြေခံပညာ အထက်တန်း ကျောင်းတွင် ပေ(၁၀၀×၅၀)ပေရှိ ခန်းမဆောင်တို့ ဖြစ်ကြောင်း သိရသည်။

“မြိုင်ကြီးငူမှာက ဖာပွန်မြို့နယ်ထဲက ယာယီပြောင်းလာတဲ့ ကျောင်းသား ၂၇၉ ယောက်လည်း ကျောင်းတက်နေကြပြီ။ သူတို့အတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်တွေလည်းထောက်ပံ့ခဲ့တယ်။ ဦးစောချစ်သူက သူတို့ဆောက်လုပ်လှူဒါန်းတဲ့ အဆောက်အဦတွေနဲ့ ပတ်သက်တဲ့စာရွက်စာတမ်းတွေကို နစက ပညာရေးဝန်ကြီးဌာနကို လွှဲပေးခဲ့ပါတယ်”ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၏ ပြောခွင့်ရသူက MT News ကို ပြောသည်။

အဆိုပါ ယာယီစစ်ရှောင် ကျောင်းသားကျောင်းသူများအား ကရင်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့က အထက်တန်းကျောင်းသားတစ်ဦးလျှင် ငါးသောင်းကျပ်၊ အလယ်တန်းကျောင်းသားတစ်ဦးလျှင် လေးသောင်းကျပ်၊ မူလတန်းကျောင်းသားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့သေးကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *