October 18, 2024

၁၉.၆. ၂၀၂၄
Written by Shwe Phyo

မြန်မာအစိုးရ ဖမ်းမိထားသူများအနက် အွန်လိုင်းမှလိမ်လည်မှု ကျူးလွန်နေသည်ဟု သံသယရှိမှုဖြင့် ဖမ်းဆီးထားသော တရုတ်နိုင်ငံသား ၁၅၀ ကို ဇွန်လ ၁၈ ရက်နေ့က ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူရေးရာ
လုံခြုံရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာအာဏာပိုင်များမှ ပြန်လည်လွှဲပြောင်းပေးခဲ့သော တရုတ်နိုင်ငံသား ၁၅၀ ဦးထဲတွင် ဖမ်းဝရမ်းထုတ်ထားသောခေါင်းဆောင် ၁၄ ဦး ပါဝင်ခဲ့ကြောင်း၊ တာချီလိတ်မြို့ရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများကို တရုတ်ရဲတပ်ဖွဲ့နှင့် မြန်မာအာဏာပိုင်များ ပူးပေါင်းဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ထိရောက်စွာဖြိုခွင်းသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်တည်းက မြန်မာရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသူများကို ဖမ်းဆီးအရေးယူနိုင်ရန် အရှိန်မြင့်ကြိုးပမ်းခဲ့သလို မြန်မာအစိုးရကလည်း အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများအဖြစ် သံသယရှိသူ ၄၉၀၀၀ ကျော်ကို တရုတ် ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မြန်မာအာဏာပိုင်များသည် ပြီးခဲ့သောရက်ပိုင်းက ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ဝန်းကျင်နားတွင် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများကို ဖြိုခွင်းခဲ့ရာ တရုတ်နိုင်ငံသားများကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနကလည်း တာချီလိတ်မြို့တွင် အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်သည့် ဂိုဏ်း ၁၀ ခုကို အောင်မြင်စွာ စီးနင်းဖြိုခွင်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

REF .globaltimes.

Leave a Reply

Your email address will not be published. Required fields are marked *