October 18, 2024

၁၉. ၆. ၂၀၂၄
Written by Nyein Kyaw

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူရခြင်းမှာ လေဆိပ်လုံခြုံရေးက ပစ်ခတ်ခြင်းမဟုတ်ဘဲ အတူပါ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ၏ မွေးရပ်ဇာတိ ငါန်းဇွန်မြို့ ကမ္မရွာအသွားတွင် PDF များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ထုတ်ပြန်ထားသည်။

ဆရာတော်နှစ်ပါးသည် ဇွန်လ ၂၀ ရက် (မနက်ဖြန်)တွင် ကျင်းပမည့် မန္တလေးမြို့ရှိ ရွှေကျင်နိကာယာ ဗဟိုဌာန၏ အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့တွင် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ တံတားဦးလေဆိပ်သို့ နံနက် ၁၀ တွင် ရောက်ရှိခဲ့သည်။ ယင်းနောက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ၏ မွေးရပ်ဇာတိ ငါန်းဇွန် – ကမ္မရွာအသွားတွင် PDF များ၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် မြို့သာမြို့နှင့် ကမ္မရွာကြား၌ နယ်မြေလုံခြုံရေး ကြီးကြပ်ရှင်းလင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အင်အား (စိစစ်ဆဲ) PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် PDF အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ဝင်များကို စတင်မိုင်းဆွဲတိုက်ချိန်မှာ သကျင်ရွာဘက်မှ မြို့သာမြို့ဘက်ကို မောင်းနှင်လာသည့် ယာဉ်တစ်စီး ပစ်ခတ်မှုဖြစ်ပွားနေသည့် နေရာအတွင်း မောင်းနှင်ဝင်ရောက်လာခဲ့ရာ အဆိုပါယာဉ်မှာ အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် ဖြစ်စဉ်နေရာမှ မီတာ ၂၅၀ ခန့်တွင် လမ်းဘေး ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါယာဉ်ကို သွားရောက်စစ်ဆေးခဲ့ရာ PDF တို့ မိုင်းဆွဲတိုက်ခိုက် ပစ်ခတ်မှုများကြောင့် ယာဉ်ပေါ် ပျံလွန်တော်မူနေသည့် ဆရာတော်တစ်ပါးအပါအဝင် ဒဏ်ရာရရှိနေသည့် ဆရာတော်တစ်ပါးနှင့် ယာဉ်မောင်းတို့ကို တွေ့ရှိ၍ ကယ်ထုတ်နိုင်ခဲ့သည်။

အဆိုပါဖြစ်စဉ်အတွင်း ဦးခေါင်းနောက်စေ့တော် ဒဏ်ရာရရှိပြီး ပျံလွန်တော်မူခဲ့သည့် ဆရာတော်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ (မဟန-ငြိမ်း)ဟု သိရှိရပြီး မှန်ကွဲစဒဏ်ရာရရှိတော်မူသည့် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ (မဟန-ငြိမ်း)ဟု သိရှိရကာ ယာဉ်မောင်းဦးကျော်ဝင်းမှာ ဝဲဘက်လက်တွင် လက်နက်ငယ်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ ရုပ်ကလပ်တော်နှင့် ဒဏ်ရာရရှိထားသည့် ဆရာတော်၊ ယာဉ်မောင်းတို့ကို မန္တလေးမြို့ တံတားဦး ပြည်သူ့ဆေးရုံမှတစ်ဆင့် နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံကို ပို့ဆောင်ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြေကြားထားသည့် ယာဉ်မောင်းဖြစ်သူ ဦးကျော်ဝင်း၏ ရုပ်သံဖိုင်ကိုပါ ပူးတွဲထုတ်ပြန်ခဲ့ပြီး ဦးကျော်ဝင်း၏ ပြောကြားချက်မှာ “ကျွန်တော် ယာဉ်မောင်း ကိုကျော်ဝင်းဖြစ်ပါတယ်။ ဒီနေ့ ဆရာတော်နှစ်ပါး ဦးမုနိန္ဒာဘိဝံသနဲ့ ဦးဂုဏိကာဘိဝံသ ဆရာတော်နှစ်ပါး ရွာမှာ ဓမ္မာရုံကိစ္စအကြောင်းအကျိုးလေးတွေရှိတဲ့အတွက်ကြောင့် ကြွသွားပါတယ်။ ကမ္မရွာထွက်မှာ PDF အကြမ်းဖက်သမားက သေနက် ၇ ချက်နဲ့ ပစ်လို့ ဥူးမုနိန္ဒာဘိဝံသတော့ ပျံလွန်တော်မူပြီး ဥူးဂုဏိကာဘိဝံသနဲ့ ကျွန်တော်ကတော့ လက်အကြီးအကျယ်ဒဏ်ရာရပြီး တပ်မတော်က ကုသဆောင်ရွက်ပေးနေပါတယ်” ဟု ဖြေကြားထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်ပရောက် Exile မီဒီယာများက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါသော ကားကို တံတားဦးလေဆိပ်မှအထွက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့၍ ဆရာတော် ပျံလွန်ရခြင်းဖြစ်ကြောင်း မဟုတ်မမှန် ရေးသားဖော်ပြခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *