October 18, 2024

၁၉. ၆. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ရာတွင် ပါဝင်ခဲ့သည့် တရားခံတစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်နေ ရွှေပန်းတိမ် လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းအောင်သည် ၎င်း၏ရွှေပန်းတိမ်ဆိုင်ရှိရာ အောင်မြေသာစံ မြို့နယ်မှ နေအိမ်သို့  ၁၂ လမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်နှင်ထွက်ခွာလာစဉ် အမျိုးသား(၂)ဦး(စိစစ်ဆဲ)က CZI အမျိုးအစား အနက်ရောင်ဆိုင်ကယ်ဖြင့် အနောက်မှကပ်၍ လိုက်ပါလာပြီး သေနတ်အမျိုးအစား (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ကာ ဦးဝင်းအောင်တွင် ပါရှိလာသည့် ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေစဉ် ရရှိထားသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သောကြောင့် အမှတ်(၄)နယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်၍ တရားခံများ ဖမ်းဆီးရမိ နိုင်ရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဥ်ကိုလည်း MT News သတင်းဌာနက ရဲတပ်ဖွဲ့ကနဦးထုတ်ပြန်မှုကိုးကား၍ ဇွန်လ ၁၆ ရက်က အကြမ်းဖျဥ်း ဖော်ပြခဲ့ပြီးဖြစ်သည်။

အထက်ပါဖြစ်စဉ်မှ ကျူးလွန်သူ တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးစုံစမ်းရာ တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် ပြစ်မှုကျူးလွန်သူ တရားခံ ၂ ဦးအနက် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းအုပ်စု၊ ဥဒေါင်း ကျေးရွာတွင်နေ ကံပိုင်(ခ) ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်(၃၈)နှစ်၊ (ဘ)ဦးမြင့်အောင်အား ဇွန်လ ၁၈ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်တွင် အကြမ်းဖက်သတ်ဖြတ်လုယက်ယူဆောင်သွားသည့် သက်သေခံ ရွှေထည်ပစ္စည်းများနှင့်အတူ ၎င်း၏နေအိမ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကံပိုင်(ခ)ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် တစ်ရွာတည်းနေ PDF အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ ကိုမောင်း(စိစစ်ဆဲ)နှင့် ချိတ်ဆက်ပြီး ငွေကြေးလိုအပ်ချက်အရ ပန်းတိမ်ဆရာ ဦးဝင်းအောင် လုပ်ငန်းသိမ်းပြီး ရွှေထည်ပစ္စည်းများနှင့်အတူ နေအိမ်သို့အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းများအား လုယူရန်ညှိနှိုင်းခဲ့ရာ သဘောတူညီမှုရရှိခဲ့ပြီး ကိုမောင်း၏ အဆက်အသွယ်ဖြင့် မတ္တရာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန် ကျန်တရားခံ မင်္ဂလာပါ(အမည်လွှဲ)နှင့်  ဇွန်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် ၁၂ လမ်းနှင့် ၈၉ လမ်းထောင့်တွင်တွေ့ဆုံ၍ ပစ်ခတ်လုယက်မည့် အစီအစဉ်အား တိုင်ပင်ခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဖမ်းဆီးရန်ကျန် တရားခံ မင်္ဂလာပါနှင့်အတူ ၁၂ လမ်းရှိ ရွှေပုဇွန်ဆီဆိုင်အနီးတွင် အသင့်စောင့်ဆိုင်းနေပြီး ဦးဝင်းအောင် ထွက်လာချိန်တွင် ကံပိုင်(ခ)ကိုဖြိုး (ခ)ပြည့်ဖြိုးအောင်မှ ဆိုင်ကယ်အား မောင်းနှင်ပြီး ဖမ်းဆီးရန် ကျန်တရားခံ မင်္ဂလာပါက နောက်မှ စီးနင်းလိုက်ပါကာ ဦးဝင်းအောင်၏ ဆိုင်ကယ်နောက်မှ ကပ်၍မောင်းနှင်လိုက်ပါသွားပြီး Golden Star ဘီယာဆိုင်ရှေ့အရောက်တွင် မင်္ဂလာပါမှ ၎င်းအသင့် ယူဆောင်လာသည့် တစ်ထောင့်ထိုးလက်လုပ် သေနတ်ဖြင့် ဦးဝင်းအောင်အား ပစ်ခတ်ခဲ့ပြီး လဲကျသွားချိန်တွင် ကံပိုင်(ခ)ကိုဖြိုး (ခ)ပြည့်ဖြိုးအောင်မှ ဆိုင်ကယ်အားရပ်၍ ဦးဝင်းအောင် လွယ်ထားသည့် ရွှေထည်ပစ္စည်းများ ထည့်ထားသောအိတ်အား ဖြုတ်ယူကာ အခင်းဖြစ်နေရာမှ မောင်းနှင်ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် ကြိုးပမ်းဆောင်ရွက်မှုနှင့် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို လိုလားသည့် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှု တို့ကြောင့် အကြမ်းဖက်ပစ်ခတ်လုယက်မှုကျူးလွန်သူတရားခံ ကံပိုင်(ခ) ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်အား ပြစ်မှုဖြစ်ပွားပြီး(၅)ရက်အတွင်း သက်သေခံရွှေထည် ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်တရားခံ PDF အကြမ်းဖက် အဖွဲ့ဝင်များဖြစ်ကြသည့် ကိုမောင်းနှင့် မင်္ဂလာပါ တို့(၂)ဦးအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *