၁၉. ၆. ၂၀၂၄
Written by Nyein Kyaw
ယနေ့တွင် စစ်ကိုင်းမြို့ရှိ ကမ္ဘောဇဘဏ် (၁) ကို ဓားပြဝင်တိုက်ခဲ့သည့် PDF ၄ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၀ မိနစ်အတွင်း သွားရောက်ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်း ၃၀၀၀ ကျော်နှင့်အတူ PDF တစ်ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၉ ရက် (ယနေ့ ) ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား အကြမ်းဖက်အမျိုးသား ၄ ဦး (စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓားပြတိုက်နေကြောင်း သတင်းအရ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းလှည့်ကင်းအဖွဲများဖြင့် တရားခံများဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် ပူးပေါင်းလှည့်ကင်းအဖွဲ့သည် ကမ္ဘောဇဘဏ် (၁)သို့ ရောက်ရှိပြီး ဝင်ရောက်စီးနင်းဖမ်းဆီးရာ လုယက်ဓားပြတိုက်သူ အကြမ်းဖက်သမား အမျိုးသား ၁ ဦးအား အသေဖမ်းဆီးရမိသည့်အပြင် ၎င်းတို့ ဓားပြတိုက်ယူဆောင်ထားသည့် ငွေကျပ်သိန်း ၃၀၃၁ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် လုယက်ဓားပြတိုက်ရာတွင် အသုံးပြုသည့် လက်လုပ်ပစ္စတို ၁ လက်၊ ၉ မမကျည် ၉ တောင့်၊ ဗုံးသီး(စိစစ်ဆဲ) ၁လုံး၊ ဆိုင်ကယ် ၂ စီးတို့သိမ်းဆည်းရမိခဲ့သည်။
စိစစ်ချက်အရ ဘဏ်အား ဝင်ရောက်လုယက်ဓားပြတိုက်သူများမှာ ပေါင်းလှရွာအခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂) ဆင်ရိုင်း(ခ)ခိုင်ဇော်လင်း ဦးဆောင်သောအဖွဲ့ဖြစ်ကြောင်းနှင့် အသေဖမ်းဆီးရမိသည့် အကြမ်းဖက်သမားမှာ ထိုအဖွဲ့မှ ကိုနောင်ဖြစ်ကြောင်း သိရသည်။
လုယက်ဓားပြတိုက်မှုမှ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်ရှိသည့် တရားခံများအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ဝင်/မြို့ထွက် နေရာများအား ပိတ်ဆို့၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။