October 18, 2024

၁၉.၆.၂၀၂၄
Written by Hey Mar

လူသတ်တရားခံ ဝဠာ

ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးဇနီးသည်ကို ထိုးကြိတ်သတ်ဖြတ်ပြီး Lion Battalion စစ်ကြောင်းထံ ဘုန်းကြီးဝတ်တိမ်းရှောင်ပုန်းခိုနေတဲ့ PDF ထောက်ပို့ ဝဠာ (ခ) ဇော်ဝင်းထွဋ်ကို KNU ဥပဒေအရ တရားစီရင်မည်ဆိုကာ ထိုင်းအစိုးရထံ တရားခံလွှဲမပေးတာကြောင့် မဲဆောက်ဆေးရုံမှာ အေးခဲခံထားရတဲ့ အလောင်းထုတ်ယူသင်္ဂြိုဟ်ဖို့ အခက်တွေ့နေပြန်တယ်လို့ အဆိုပါလူသတ်အလောင်းဖျောက်မှုကို ထုတ်ဖော်ရေးသားနေတဲ့ မြန်မာအမျိုးသမီးသတင်းထောက်က ဆိုပါတယ်။

Lion Battalion မှာ တရားခံကို ဖမ်းဆီးထိန်းသိမ်းထားတာ ရက်ပိုင်းလောက်ရှိနေပြီဖြစ်ကာ ပထမပိုင်းမှာ Lion Battalionအဖွဲ့က တရားခံကို ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုင်းဘက်ခြမ်းကို ပြန်လွှဲပြောင်းပေးမယ်လို့ ပြောဆိုထားတာရှိကြောင်း၊ ထိုင်းဘက်ခြမ်းဆိုတာကလည်း အဆိုပါသတင်းကို ထုတ်ဖော်ရေးသားနေတဲ့ သတင်းထောက်နဲ့ ပူးပေါင်းကူညီနေတဲ့ Sister to Sister လို့ အမည်ပေးထားတဲ့ ဥပဒေရေးရာနဲ့ ပတ်သက်လို့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ဆီ လွှဲပြောင်းအပ်နှံမယ်လို့ဆိုလိုတာဖြစ်ကြောင်း သတင်းထောက်က ဆိုပါတယ်။

‘ထိုင်းရဲတပ်ဖွဲ့ဆီမှာ အိမ်တွင်းအကြမ်းဖက် လူသတ်မှုအဖြစ် အမှုက ဖွင့်ထားလျှက်ဆို‌တော့ ကျနော်တို့ Sisters 2 Sisters အနေနဲ့ ထိုင်းရှေ့နေအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ရှေ့နေ ငှားရမ်းမှုတွေ၊ ထိုင်းရဲတပ်ဖွဲ့ဆီကို တရားခံဖမ်းဆီးရမိကြောင်း သတင်းပေးပို့တာတွေ၊ အလောင်းထုတ်ယူနိုင်ရေးအတွက် ဆေးရုံနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေကို အသင့်အနေအထားဖြစ်အောင် အကုန်လုံးဆောင်ရွက်ထားပြီး တရားခံလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ နေ့တိုင်းလည်း ကျနော်အနေနဲ့ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းပြီး ဘယ်နေ့လောက် တရားခံလွှဲပေးမှာလဲလို့ သတင်းမေးလျှက်ရှိပါတယ်။ ဒီနေ့ Update ပေးချင်တာကတော့… – တရားခံက KNU တရားစီရင်ရေးကိုပဲ လက်ခံမယ်လို့ တောင်းဆိုချက် – ထိုင်းတရားစီရင်ရေးဘက်ကို တရားခံကို မပို့ပါဘူး အတည်ပြုချက် – KNU တရားစီရင်ရေးကို မိသားစု လက်ခံမလား မေးမြန်းချက် စတဲ့အချက် ၃ ချက်ကို ပြန်ကြားလာတယ်လို့ သိရပါတယ်။ ဆိုတော့ တရားခံကို ထိုင်းရဲတပ်ဖွဲ့ဆီကို မအပ်နှံတော့ဘဲ KNU တရားစီရင်ရေးအတိုင်းသာသွားတော့မယ်လို့ သူတို့ဘက်က ဆိုလိုတာပါ။ (ကြီးလေးသောပြစ်ဒဏ်လို့ဆိုပါတယ်)(သတ်ပုံမူရင်း)”လို့ သတင်းထောက်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာရေးသားထားပါတယ်။

MT News သတင်းဌာနက ကနဦးဖြစ်စဉ်တွေကတည်းက ချိတ်ဆက်မေးမြန်းရာမှာ လည်း သူ့ရဲ့လုပ်ဆောင်မှုတွေကို ဘယ်သတင်းဌာနမဆို လွတ်လပ်စွာမျှဝေပါတယ်ဆိုတာကို အသိပေးထားပြီး အဆိုပါအမှုကို ဝိုင်းဝန်းတွန်းအားပေးဖို့လည်း တောင်းဆိုထားတာပါ။

သေဆုံးသူ မနန္ဒာ (ခ) မထက်ထက်ဇော်ကို သင်္ဂြိုဟ်နိုင်ရေး(နာရေးဆောင်ရွက်နိုင်ရေး) အတွက်မှာလည်း မိသားစုဘက်က လာဖို့အဆင်မပြေဖြစ်နေတာကြောင့် အမှုရဲ့ တရားခံကို ဖမ်းဆီးရမိပြီး ထိုင်းရဲလက်ကို အပ်နှံနိုင်မှသာ အလောင်းထုတ်ယူရရှိမယ့်အခြေအနေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

သတင်းထောက်က “အခုက တရားခံကို ထိုင်းဘက်ကို မအပ်နှံဘူးဆိုတော့ နာရေးဆက်လုပ်ဖို့ ဘယ်လိုဆက်ကြိုစားရမယ် မသိပါဘူး။ ထိုင်းနိုင်ငံတွင်းမှာဖြစ်သွားတဲ့ လူသတ်မှုဖြစ်နေတာကြောင့် အမှုမပိတ်နိုင်ဘဲ သေဆုံးသူအတွက် နာရေးကလည်း ဘယ်လိုဆက်လက်ဆောင်ရွက်ရမလဲတော့ အဖြေရှာနေဆဲပါ။ အကြံဥာဏ်အားဖြင့်ရော…အဆက်အသွယ်အားဖြစ်ရော…ကူညီပေးနိုင်သူများ ကျနော်တို့ဆီကို ဆက်သွယ်ပြီးကူညီပေးကြပါဦးဗျာ… “လို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းထားပြီး သူကိုယ်တိုင်လည်း နေရာ အတည်အကျနေထိုင်ခြင်း မပြုဘြ တိမ်းရှောင်နေရတာပါ။

ထိုင်းရဲတပ်ဖွဲ့ဆီကအတည်ပြုချက်အနေနဲ့ တရားခံလာရောက်အပ်နှံသူတွေဟာ တရားမဝင်ဖြစ်နေရင်တောင်မှ လူသတ်မှုကို ကူညီပေးသူဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဖမ်းဆီးခြင်းမပြုပါဘူးလို့ ဆိုထားကြောင်းလည်း ဖော်ထုတ်ပြောဆိုထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *