October 23, 2024

SAC ၏ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံဝန်ကြီးများ ထိုင်းအစိုးရစီစဥ်သည့် အလွတ်သဘောဆွေးနွေးသည့်မြင်ကွင်း တွေ့ရစဥ်

၂၃.၁၂.၂၀၂၂
Written by Nay Aung

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် နစကဘက်က လုပ်ဆောင်သည့်အရာများကို ကြားသိခွင့်ရခဲ့ပြီး မြန်မာနိုင်ငံကို ပုံမှန်အခြေနေအတိုင်း ပြန်လည်ရောက်ရှိစေမည့် လမ်းကြောင်းများ၊ ပွင့်လင်းစွာ အမြင်ချင်းဖလှယ်တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒီဇင်ဘာ ၂၂ရက်တွင် ထိုင်းနိုင်ငံကဦးဆောင်ကျင်းပသော မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အာဆီယံနိုင်ငံ သုံးနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် တာဝန်ပေးခံထားရသည့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တို့သည် နစက၏ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီး အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ကြောင်း ထိုင်းအစိုးရကဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ်ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုပြီးနောက် ရက်ပိုင်းအကြာတွင် ထိုင်းနိုင်ငံက မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ်က အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံသည် မြန်မာ့နိုင်ငံရေးအခက်ခဲများကိုဖြေရှင်းနိုင်ရန် သံတမန်ရေးနည်းလမ်းဖြင့် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။ သို့သော်လည်း အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရာတွင် တိုးတက်မှုအနည်းသာရှိခဲ့ကြောင်း ဝေဖန်မှုများလည်းရှိနေခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကန်ချာနာ ပါတာရာချိုကီက ” မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတို့ကြား တွေ့ဆုံဆွေးနွေးမှုတွေက ပွင့်ပွင့်လင်းလင်းနဲ့ အပြု သဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်ခဲ့တယ်။ မြန်မာဘက်က ဆောင်ရွက်နေတာတွေကို ကြားသိဖို့ အခွင့်ရေးရခဲ့တယ်။ မြန်မာနိုင်ငံကို ပုံမှန်အတိုင်းပြန်လည်ရောက်ရှိစေဖို့ လမ်းကြောင်းတွေကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့တယ်။ အဲဒီဆွေးနွေးပွဲမှာ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့သလို အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်မှုတွေကိုအထောက်အပံ့ အကူအညီဖြစ်စေနိုင်တဲ့ အခြားချဉ်းကပ်မှုတွေကိုလည်း ဆွေနွေးတာမျိုးရှိခဲ့တယ်” ဟုဆိုသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးက” အာဆီယံသဘာတူညီချက်ငါးချက် အကောင်ထည်ဖော်ဖို့ မြန်မာအရေးကိစ္စနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တယ် ” ဟုဆိုသည်။

အာဆီယံသဘာတူညီချက်ငါးချက် အကောင်ထည်ဖော်ရာတွင် တိုးတက်မှုမရှိသည့်အတွက် နစကအကြီးအကဲနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့်ပိတ်ပင်ခံရပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်အုပ်စုလိုက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: Channelnewsasia

Leave a Reply

Your email address will not be published. Required fields are marked *