October 18, 2024

လိင်ပိုင်းဆိုင်ရာကျုးလွန်မှု စစ်ဆေးခံပြီးဖြစ်သလို သတိပေးခံရပြီးဖြစ်ကြောင်း ကျုးလွန်သူဆလိုင်းအိုင်ဇက်ခင် ဝန်ခံ

၁၉. ၆. ၂၀၂၄
Written by Nay Moe

NLD အစိုးရဟောင်းလက်ထက်က ချင်းပြည်နယ်စည်ပင်နဲ့စက်မှူဝန်ကြီးဖြစ်ခဲ့ပေမဲ့ လာဘ်ပေးလာဘ်ယူဆိုင်ရာဝေဖန်မှူတွေကြောင့် နုတ်ထွက်ခဲ့ရသလို လက်ရှိမှာလည်း NUG ရဲ့ အိန္ဒိယနိုင်ငံကိုယ်စားလှယ် ဆလိုင်းအိုင်ဇက်ခင်က ဝန်ထမ်းအမျိုးသမီးနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာကျုးလွန်တာကို NUG ထံ တိုင်ကြားပေမဲ့ NUG က ဆလိုင်းအိုင်ဇက်ခင်ကို အရေးမယူဘဲ အကာအကွယ်ပေးလိုက်တဲ့အပြင် ကျုးလွန်ခံရသူအမျိုးသမီးတွေကို တာဝန်ကရပ်နားလိုက်တဲ့ဖြစ်စဥ် ဒီနေ့ထွက်ပေါ်လာပါတယ်။

ဒီဖြစ်စဥ်မှာ NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးရဲ့အတွင်းရေးမှူး အမျိုးသမီးကို ဆလိုင်းအိုင်ဇက်ခင်က လိင်ပိုင်းဆိုင်ရာစော်ကားတာဖြစ်ပြီး NUG ကို မတ်လ ၈ ရက်မှာ တိုင်ကြားလို့ ဧပြီ ၂၀ ရက်မှာ ဆလိုင်းအိုင်ဇက်ခင်ကို နှုတ်နဲ့သတိပေးပြီး တိုင်ကြားနစ်နာသူအမျိုးသမီးနဲ့ သက်သေထွက်ဆိုသူ နှစ်ယောက်ကိုတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဇင်မာအောင်က အလုပ်ကရပ်နားလိုက်တဲ့ မတရားမှုဆုံးဖြတ်ချက်ပြုလုပ်ခဲ့တာပါ။

“NUG အိန္ဒိယနိုင်ငံ ကိုယ်စားလှယ် Salai Isaac Khen ရဲ့ ငါမအိုသေးဘူးဆိုတဲ့ အတံပြဿနာ။ အိန္ဒိယကို သူ့ရဲ့ အောက်ပိုင်းကနေ စွမ်းဆောင်မလို့ လားတော့မသိ။ ဖြစ်စဥ်သိရသလောက်ကတော့ ဒီလို အမျိုးသမီးဝန်ထမ်းကြုံတွေ့တာကို အထက်လူကြီးတိုင်တာ သက်သေထွက်ဆိုပေးတဲ့ ဝန်ထမ်းနှစ်ဦးပါ အလုပ်ဖြုတ်သတဲ့။ အလုပ်ဖြုတ်ပုံကလည်း သူဝန်ကြီးပြုတ်တုန်းကလို ဝန်ထမ်းတွေကို ရပ်နားခွင့် အတင်း တင်းခိုင်းထားသတဲ့။ ဒါကြောင့် နှုတ်ထွက်စာလို ဖြစ်ကြောင်း အမှန်ကဝန်ထမ်းအားလုံးကို ထုတ်ခြင်းဖြစ်ကြောင်းပါ။ ဒီ ဝန်ထမ်းအားလုံးကလည်း CDMer တွေ ဖြစ်ကြကြောင်းပါခင်ဗျာ။ အသေးစိတ်ကိုတော့ ယာယီချန်ထားဆဲလို့ သိထားရပါတယ်။” ဆလိုင်းအိုင်ဇက်ခင်ရဲ့ လိင်ပိုင်းဆိုင်ရာကျုးလွန်မှုနဲ့ NUG က ကျုးလွန်သူအကာအကွယ်ပေးမှူဖော်ထုတ်တဲ့ India For Myanmar အဖွဲ့ဦးဆောင်သူ ဆလိုင်းဒိုခါရ်က လူမှုကွန်ရက်မှာ ဆလိုင်းအိုင်ဇက်ခင်ကို Tag တွဲ ဖော်ပြထားပါတယ်။

ဆလိုင်းအိုင်ဇက်ခင်ဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ အမြဲပြုလုပ်နေသူဖြစ်ပြီး ကချင်ပြည်နယ်မှာလည်း သူ့ရဲ့လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကြောင့် စုံစမ်းခံထားရသလို CSO လောကမှာလည်း ကျုးလွန်ခံရသူတွေရှိတယ်လို့ သူနဲ့ CSO လောကသားဖြစ်တဲ့ ကချင်အမျိုးသမီးတက်ကြွလှုပ်ရှားသူ ခွန်ဂျာကလည်း NUG ရဲ့ အမျိုးသမီးဝန်ကြီးနော်ဇူဆန်နာလှလှစိုးကို Tag တွဲပြီး လိင်ပိုင်းဆိုင်ရာကျုးလွန်သူ ဆလိုင်းအိုင်ဇက်ခင်ကို အရေးယူပေးဖို့တောင်းဆိုထားတာ တွေ့ရပါတယ်။

“ဒီမနက် ရရှိတဲ့ သက်သေအထောက်အထားအရ NUG ဟာ နစ်နာသူ Survivor ကို အကာအကွယ်ပေးခြင်းမရှိဘဲ အလုပ်ထုတ်လိုက်ပြီး ကျူးလွန်သူကို အကာအကွယ်ပေးထားတာကို သိရပါတယ်။ ပထမဦးဆုံးအနေနဲ့ သတ္တိရှိရှိ လူသိရှင်ကြား ရင်ဆိုင်လိုက်တဲ့ အမျိုးသမီးကို ချီးကျူး ဂုဏ်ယူလေးစားကြောင်း ပြောချင်ပါတယ်။ ဒုတိယအနေနဲ့ အမျိုးသမီးများ၊ အမျိုးသမီးများကို လေးစားသူများ၊ အမျိုးသမီးကွန်ရက်နဲ့ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးမှာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများ Sisters 2 Sisters တို့ကို နစ်နာသူ အမျိုးသမီးကို ဝန်းရံပြီး တရားမျှတရေးအတွက် အတူတကွ လျှောက်လှမ်းပံ့ပိုးပေးဖို့ အကူအညီတောင်းပါရစေ။ တတိယအနေနဲ့ ဝန်ကြီး Naw Susanna Hla Hla Soe အပါအဝင်၊ NUG အစိုးရအနေနဲ့ နစ်နာသူများအတွက် တရားမျှတမှု ရရှိအောင်နဲ့ NUG ရဲ့ အစိုးရဌာနအသီးသီးမှာ နောက်ထပ် ဒီလိုပြဿနာမျိုး မဖြစ်ပေါ်ရလေအောင် အာမခံပေးဖို့ တောင်းဆိုပါရစေ။ စတုထ္ထအနေနဲ့ သတင်းမီဒီယာများအနေနဲ့ ဒီကိစ္စကို တရားမျှတမှု ရတဲ့အထိ စောင့်ကြည့်ပေးဖို့ အကူအညီတောင်းလိုပါတယ်။ ကျူးလွန်သူဟာ ကျမတို့နဲ့ နှစ်ရှည်လများ အတူတူ အလုပ်လုပ်ခဲ့ကြတဲ့ လုပ်ဖော် ဆောင်ဖက်ဟောင်းပါ။ CSO, NGO အသင်းတော်များနဲ့ NLD ခေတ်ကတည်းက အစိုးရမှာပါ ထိပ်တန်းရောက်နေသူဖြစ်ပါတယ်။ အလုပ်ကလည်း ကျား/မ တန်းတူရေးနဲ့ အမျိုးသမီးနဲ့ ကလေး ကာကွယ်စောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးဘက်မှာ အများဆုံး လုပ်ခဲ့တာဖြစ်ပါတယ်။ ရာဇဝင်အရ ဆိုရင်လည်း ကချင်ပြည်နယ်မှာ ရှိစဉ်ကတည်းက အမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီး ကချင်ရိုးရာဓလေ့ထုံးတမ်းနဲ့ပါ စုံစမ်းခံခဲ့ရသူဖြစ်ပြီး CSO လောကမှာလည်း နစ်နာစေသူများ ရှိပေမဲ့ အရေးယူမှု မခံရသူဖြစ်ပါတယ်။ ဒီ Cycle အဆုံးသတ်သင့်ပြီလို့ ယူဆတဲ့အတွက် အမိုက်ခံပြီး ဒီ Post ကို တင်ပါတယ်”လို့ ခွန်ဂျာက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဆလိုင်းအိုင်ဇက်ခင်ကလည်း သူကျုးလွန်တာမှန်ကြောင်းနဲ့ သတိပေးခံထားရကြောင်းကို လူမှုကွန်ရက်မှာ “တိုင်ကြားချက်ရှိပါသည်။ တာဝန်ရှိဝန်ကြီးဌာနအ​နေဖြင့် စုံစမ်းစစ်​ဆေးမှုပြုလုပ်ကာ လိုအပ်သည့် အသိ​ပေး/သတိ​ပေး​ဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ သိမ်​မွေ့​သောကိစ္စရပ်ဖြစ်၍ မိမိဘက်မှ လိုအပ်မှသာ ရှင်းလင်းပါမည်။”လို့ ဝန်ခံထုတ်ပြန်လာတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *