October 18, 2024

၁၉. ၆. ၂၀၂၄
Written by Ye Kyaw

EV ကားများကို ထုတ်လုပ်သည့်ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် ဖြန့်ဖြူး/ရောင်းချခွင့် သဘာတူစာချုပ် (မူရင်း) ပြသနိုင်မှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ယခင်က စာချုပ်မတင်ပြဘဲ တင်သွင်းထားသူများ ဇွန်လ ၃၀ ရက်နောက်ဆုံးထား တင်ပြရမည်ဖြစ်ပြီး မတင်ပြနိုင်ပါက တင်သွင်းခွင့်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး‌ ရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)မှ သိရသည်။

“ဦးဆောင်ကော်မတီက စာထွက်ထားတယ်။ ဒီဇွန်လ ၃၀ ရက်နောက်ဆုံးမှ လိုအပ်တဲ့စာရွက်စာတမ်း အတည်ပြုစာရွက် စာတမ်း မထွက်ဘူးဆိုရင်တော့ တင်သွင်းခွင့် ရပ်ဆိုင်းမယ်ဆိုတာ တရားဝင်စာထုတ်ထားတာပေါ့။ ထုတ်ထားတာလည်းကြာပြီ။ အချိန်လည်းပေးထားတယ်ဆိုတော့ ဒီစာရွက်စာတမ်းမှ မူရင်းထုတ်လုပ်၊ ရောင်းချတဲ့ကုမ္ပဏီရဲ့ စာရွက်စာတမ်း Documentary ပေါ့နော်။ Distributor Agreement ဆိုလည်း Agreement ပေါ့။ Leadership Agreement ဆိုလည်း Agreement ပေါ့။ စာရွက်စာတမ်း Original ကို သံရုံးရဲ့ထောက်ခံချက်နဲ့ မပို့နိုင်လို့ မပြနိုင်ရင်တော့ တင်သွင်းခွင့်ရုပ်သိမ်းမယ်ဆိုတာ ထုတ်ထားတာကြာပြီဖြစ်တဲ့အတွက် လက်ရှိမပြောင်းလဲဘူးလို့ ဆရာပြောချင်ပါတယ်” ဟု MAMDA ၏ အတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က MT News သို့ ပြောသည်။

ပြည်တွင်းသို့ EV ကား တင်သွင်းရာတွင် ထုတ်လုပ်သည့်ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် ဖြန့်ဖြူး/ရောင်းချခွင့် သဘောတူစာချုပ်(မူရင်း) ပြသနိုင်မှသာ တင်သွင်းရမည့်ဟု ဦးဆောင်ကော်မတီက ပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း Pilot Project စီကိန်းကာလအတွင်း အဆိုပြုလွှာလျှောက်ချိန်တွင် ပူးတွဲတင်ပြမှုအစား နောက်မှသာတင်ပြရန် ယာယီခွင့်ပြုပေးခဲ့ခြင်းဖြစ် သည်။

EV တင်သွင်းခွင့် အဆိုပြုလွှာလျှောက်ထားမှုများကို ကုမ္ပဏီ၏သဘောတူစာချုပ်(မူရင်း)များ မတင်ပြဘဲ လျှောက်ထားမှုများလာ၍ ယခုကဲ့သို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက် နောက်ဆုံးထား တင်သွင်းရန် အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက ဒီစာရွက်ကို နောက်မှပြမယ်ဆိုပြီး Substitute ပေါ့။ ဖြည့်ဆည်းပေးမယ်ဆိုပြီး တင်လိုက်ပြီးတော့ ယာယီ Temporary ခွင့်ပြုလိုက်တာပေါ့။ အဲဒီစာရွက်ကို မတင်ဘဲနဲ့ ဆက်သွားတာတွေ များလာတဲ့အတွက် Due Date ပေးလိုက်တဲ့သဘောပါဘဲ” ဟု ဦးကျော်စွာထွန်းမြင့်က ပြောသည်။

လက်ရှိအချိန်အထိ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီ ၈၃ ခုအထိ ခွင့်ပြုပေးထားကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေးကော်မတီ၏ EV သတင်းမှန်ထုတ်ပြန်ရေးမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *