October 18, 2024

၁၉. ၆. ၂၀၂၄
Written By Zun

လာမည့် ၂၀၂၅ ခုနှစ်အကုန်ပိုင်းတွင် ပြုလုပ်နိုင်ဖွယ်ရှိသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီးများ၌ ပထမဆုံး ပြုလုပ်ဖွယ်ရှိသည်ဟု ကြားသိထားရကြောင်း နိုင်ငံရေးပါတီအချို့ထံမှ MT News က စုံစမ်းသိရှိရသည်။

“နံပါတ်တစ် ပြောရရင် ၂၀၂၁ ခုနှစ်ကနေ ရေတွက်ရင် ၂၀၂၅ ခုနှစ်ဆိုတော့ ဒါ (၅)နှစ်ပြည့်ပြီ။ အစိုးရသက်တမ်းတစ်ခုက (၅)နှစ်ပဲလေ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောလို့ရပါတယ်။ နံပါတ်နှစ်အချက်အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလမ်းကြောင်းအရကြည့်မယ်ဆိုရင် မြို့နယ်ပေါင်း (၃၃၀) ရှိတဲ့အနက် မြို့နယ်ပေါင်း (၃၃၀) မှာ ရွေးကောက်ပွဲတွေလုပ်မှ ရွေးကောက်ပွဲအထမြောက်တယ်ဆိုတဲ့စကားရပ်က အခြေခံဥပဒေမှာ မပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်အရေအတွက်ရဲ့ထက်ဝက်(တစ်ဝက်)မှာ ရွေးကောက်ပွဲလုပ်နိုင်တယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲက အထမြောက်တယ်လို့ ပြောထားပါတယ်။ ဆိုတော့ ၁၆၅ မြို့လောက်တော့ ဖြစ်မှာပေါ့လေ။ ၁၆၅ မြို့နယ်မှာလုပ်နိုင်ရင် ရွေးကောက်ပွဲကဖြစ်နိုင်ပါတယ်။ နောက်တစ်ခါရွေးကောက်ပွဲက တစ်နေ့တည်း တစ်ရက်တည်းနဲ့အပြီးလုပ်ရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ မပါပြန်ဘူးဗျာ့။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းမှာ ၁၉၅၂ ခုနှစ်ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမျိုး အကြိမ်ကြိမ် အလီလီ အရစ်နဲ့အရစ်နဲ့ အပိုင်းပိုင်းလုပ်သွားတဲ့ရွေးကောက်ပွဲမျိုးကလည်း ဖြစ်နိုင်ခြေရှိတယ်လို့လည်း မှန်းဆလို့ရပါတယ်”ဟု ရွေးကောက်ပွဲအရေး စောင့်ကြည့်လေ့လာနေသည့် နိုင်ငံရေးသမားတစ်ဦးက MT News ကို ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများမှာ မြန်မာတစ်နိုင်ငံလုံးတွင် ၄၉ ပါတီ ရှိကြောင်း အဆိုပါကော်မရှင်၏ စာရင်းများအရ သိရသည်။

“ကျွန်တော်တို့ ပါတီအနေနဲ့တော့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ၄၅ မြို့နယ်မှာ ၄၄ မြို့နယ် စည်းရုံးတယ်။ ရုံးတွေဖွင့်တယ်။ ပါတီဝင်အင်အားတွေလုပ်တယ်။ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲတအားလုပ်ချင်တာ။ ဒါကြောင့် ဝင်ပြိုင်မယ့်သူတွေအနေနဲ့ ပြင်ဆင်မှ ဖြစ်တော့မယ်။ မပြင်ဆင်ဘဲ ထလုပ်လို့မရဘူး။ ကျွန်တော်တို့ သိထားတာက ပထမဆုံးရွေးကောက်ပွဲကို တိုင်းဒေသကြီးတွေမှာပဲလုပ်မယ်လို့သိထားရတာပါ။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ အခုကျွန်တော်တို့ ရုံးတွေဖွင့်တယ်။ နောက်ထပ် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတွေကို သွားမယ်။ ပြည်နယ်တွေကို မသွားသေးဘူး။ ပြည်နယ်တွေမှာ လုပ်လို့မရသေးဘူး။ ကြားဖြတ် ကြားဖြတ် ပုံစံမျိုး ကျန်တဲ့ပြည်နယ်တွေကို လုပ်သွားမယ်လို့ သိထားရပါတယ်”ဟု မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောသည်။

ရွေးကောက်ပွဲကျင်းပရေးအတွက် လာမည့်အောက်တိုဘာလအတွင်း လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။

လာမည့်နှစ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း နစကဥက္ကဋ္ဌက ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ဝန်ထမ်းများ၊ မြို့မိမြို့ဖ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာခန်းမ၌တွေ့ဆုံစဉ် ပြောကြားခဲ့သေးသည်။

“အခုလုပ်မယ့်ရွေးကောက်ပွဲသည် မြို့နယ်တစ်ခုကိုအခြေချပြီး မြို့နယ်တစ်ခုကနေတက်ပြိုင်ရမယ့် အနိုင်ရသူအကုန်ယူ ရွေးကောက်ပွဲစနစ် (First-past-the-post, FPTP) မဲများတဲ့သူအနိုင်ရတဲ့ ရွေးကောက်ပွဲမျိုး မဟုတ်ဘဲနဲ့ PR System ဖြစ်ပါတယ်။ ဒါကြောင့် မဲပေးပုံစနစ်က ဘယ်လိုပြုလုပ်မယ်ဆိုတာမသိပါဘူး။ အချို့ကလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားတဲ့သူတွေလည်းရှိပါတယ်။ အချို့ကလည်းရွေးကောက်ပွဲကို စိတ်မဝင်စားတဲ့သူတွေလည်း ရှိကြပါတယ်။ ရွေးကောက်ပွဲကိုစိတ် ဝင်စားတဲ့သူတွေက စိတ်ဝင်စားပေမဲ့ မဲရုံကိုသွားတဲ့အချိန်မျိုးတွေကြ ထိတ်လန့်တုန်လှုပ်တဲ့အခြေအနေမျိုးတွေလည်း ဟိုလူ့ဆီကကြား၊ ဒီလူ့ဆီကကြားဖူးပါတယ်။ ဒါကြောင့်မို့လို့ အချို့သောသူများကလည်း ဘယ်လိုပြောကြလဲဆိုတော့ Myanmar idol လိုမျိုးတောင်မှမဲပေးလို့ ကိုယ့်အိမ်မှာနေရင်း မဲပေးလို့ရသလို ဒီတစ်ခေါက်ရွေးကောက်ပွဲက အဲလိုရနိုင်မလားဆိုတဲ့ ပြောဆိုနေတဲ့သူတွေကရှိတော့ ရွေးကောက်ပွဲပြုလုပ်မယ့်မဲပေးတဲ့ပုံစံသည် အခုကဲ့သို့စက်ကြီးများနဲ့ ပေးရမှာလား။ ဘယ်လိုဖြစ်မှာလဲဆိုတာလည်း တိတိကျကျတော့မသိသေးပါဘူး။ ရှေ့လာမယ့်လတွေမှာလည်း လူဦးရေနှင့်သန်းခေါင်စာရင်းကိုကောက်မှာဖြစ်တဲ့အတွက်ကြောင့် ဒီဟာတွေနောက်ပိုင်းမှာလည်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲက ၂၀၂၅ မှာလုပ်မယ်ဆိုရင် လုပ်နိုင်တယ်လို့ ယေဘုယျပြောလို့ရပါတယ်။ ရွေးကောက်ပွဲကနေဖြစ်ပေါ်လာတဲ့အစိုးရသည် ယခုထက်ပိုမိုပြီးတော့ ခိုင်မာပြည့်စုံပါသည်လို့ ပြောလို့ရပါတယ်။ ဒါကရွေးကောက်ပွဲဖြစ်နိုင်တယ်ဆိုတဲ့ အခြမ်းကနေပြောသွားတာပါ။ တစ်ဖက်ကနေပြန်ကြည့်မယ်ဆိုရင်လည်း တချို့သောမြို့နယ်တွေမှာ တချို့သောဧရိယာတွေမှာ ရွေးကောက်ပွဲလုပ်နိုင်တဲ့အခြေအနေမျိုးဟာ အင်မတန်ခဲယဉ်းနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် ရှမ်းမြောက်လိုဒေသမျိုးတွေ အညာလိုဒေသမျိုးတွေ ချင်းလိုနေရာမျိုးတွေ ကယားလိုနေရာမျိုးတွေမှာကတော့ ရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုတာက အင်မတန်ခဲယဉ်းတဲ့ အနေအထားမျိုးတွေရှိတယ်ဆိုတဲ့အတွက် စိန်ခေါ်မှုတွေကတစ်ဖက်က စောင့်ကြိုနေတာကို မြင်တွေ့နေရပါတယ်။ ဒါကြောင့်မို့ ဒီဥစ္စာကတော့ ရင်ခုန်ခြင်းများစွာနဲ့ စောင့်ကြည့်ရမယ့်အရာတစ်ခုပါလို့ ပြောချင်ပါတယ်”ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက MT News ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *