October 18, 2024

၁၉. ၆. ၂၀၂၄
Written by Nay Moe

ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့မှာ NUG၊ PDF ထောက်ခံသူတွေနဲ့ မင်းကိုနိုင်တို့က ပန်းသပိတ်ပြုလုပ်ဖို့ လှုံ့ဆော်ထားသလို မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် သံရုံးတချို့ကလည်း ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲတဲ့ပုံစံ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ နစကအစိုးရအပေါ် ပြင်းထန်တဲ့ တုံ့ပြန်အရေးယူမှုပြုလုပ်တဲ့အပြင် NUG၊ PDF တွေကိုထောက်ပံ့နေတဲ့ အမေရိကန်သံရုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တာ ဘာတစ်ခုမှတင်မထားဘဲ ဒီနေ့ ဇွန်လ ၁၉ ရက်က အမေရိကန်မှာ ကျွန်စနစ်ပပျောက်ခြင်းအထိမ်းအမှတ်နေ့မို့ သံရုံးပိတ်တယ်ဖော်ပြထားသလို အာရှတိုက်က မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ဆွတ်ဇာလန်၊ ကနေဒါ၊ ပြင်သစ်၊ နယ်သာလန် စတဲ့နိုင်ငံတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ တစ်လုံးတစ်ပါဒမှဖော်ပြထားတာ မတွေ့ရပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံဆိုင်ရာယူကေသံရုံးက “ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် မိမိတို့အနေနဲ့ ရှုတ်ချပြီး၊ သူမနဲ့တကွ မတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်များမှာ နိုင်ငံ ရေးအရ လှုံ့ဆော်စွပ်စွဲချက်များဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်”လို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂ၊ ဒိန်းမတ်၊ ဂျာမနီ၊ နော်ဝေသံရုံးတို့ကလည်း ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲတဲ့ပုံစံ ပန်းပန်ထားတဲ့အမျိုး သမီးတစ်ယောက်ပုံ ကာဗာတင်တာ၊ ပုံတင်တာတွေပြုလုပ်ထားပြီး သူတို့ပို့စ်တွေအောက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ဆု​တောင်းမှုတွေ တွေ့မြင်ရသလို နော်ဝေသံရုံးကလည်း ဒီနေ့ဟာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးအပြည်ပြည်ဆိုင်ရာနေ့ဖြစ်လို့ မြန်မာနိုင်ငံအတွင်းက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ဖို့ ကုလသမဂ္ဂနဲ့လက်တွဲဆောင်ရွက်မယ်လို့လည်း ဖော်ပြခဲ့ပါသေးတယ်။

လူမှုကွန်ရက်မှာလည်း အမျိုးသမီးတွေ၊ PDF အဖွဲ့တွေက NUG ၊ PDF နဲ့ မင်းကိုနိုင်တို့လှုံ့ဆော်ထားသလို ပန်းသပိတ်ပြုလုပ်နေကြပြီး လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း ပန်းသပိတ်ပြုလုပ်သူအမျိုးသမီးတွေ ၁၀ ဦးထက်မနည်း အရေးယူထားတယ်လို့ ဖော်ပြနေတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *