၁၉. ၆. ၂၀၂၄
Written by Ye Kyaw
မြန်မာ့ပြောင်းကို တရုတ်၊ ထိုင်းတို့အပြင် ဈေးကွက်တိုးချဲ့ကာ အိန္ဒိယနိုင်ငံသို့လည်း အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် စတင်တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
အိန္ဒိယနိုင်ငံက အခြားနိုင်ငံများမှ ပြောင်းတင်သွင်းရာတွင် အကောက်ခွန် ၆၀ ရာခိုင်နှုန်းအပြင် စုပေါင်းကုန်စည်နှင့် ဝန်ဆောင်မှုအခွန် ၅ ရာခိုင်နှုန်း၊ လူမှုဖူလုံရေးထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်း စုစုပေါင်း ၇၅ ရာခိုင်နှုန်းအထိ ကောက်ခံနေခြင်းဖြစ်သည်။ သို့သော် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် ထည့်သွင်းစဉ်းစားမှုအရ မြန်မာနိုင်ငံမှ တင်ပို့သည့် ပြောင်းများကို အိန္ဒိယနိုင်ငံက အကောက်ခွန်ကင်းလွတ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
“ပြောင်းက စောစောကတော့ တရုတ်ကို ပို့တာများတယ်။ နောက်တော့ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း ထိုင်းကို ပို့တာများတယ်။ ဈေးကွက်တိုးချဲ့တဲ့သဘောအရ အိန္ဒိယကိုလည်း ပို့တဲ့အနေအထားပေါ့နော်။ ထိုင်းကတော့ သူ့ဆီမှာ မပေါ်သေးရင် အခွန်ကင်းလွတ်ခွင့်ပေးတယ်။ ပေါ်လာရင် မပေးတော့ဘူး။ အိန္ဒိယဘက်လည်း အဲလိုသဘောဆန်တယ်။ သူတို့ဘက် ပြောင်းကို ကြက်စာအတွက် တင်သွင်းတာများတယ်။ ပို့တာက ပို့နေပြီ။ ဈေးနှုန်းဘယ်လောက်နဲ့ တန်ချိန်ဘယ်လောက်ပို့မယ်ဆိုတာကိုတော့ စီးပွားကူးသန်းက ထုတ်ပြန်ပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောသည်။
ကနဦးအစပိုင်း စာချုပ်ချုပ်ဆိုချိန်၌ မြန်မာပြောင်းများအား ဝယ်ယူတင်သွင်းသည့် ဈေးနှုန်းမှာ တစ်တန်လျှင် ၂၆၈ ဒေါ်လာဖြစ်သော်လည်း ယခုအခါ ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း၊ လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ မြန်မာ့ပြောင်းများကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် အနည်းဆုံး သင်္ဘော ၃ စီး တင်ပို့ထားပြီး စာချုပ်ချုပ်ဆိုထားမှုအရ နောက်ထပ်သင်္ဘော ၁၀ စီး ထပ်မံတင်ပို့သွားမည်ဖြစ်ကြောင်း The Hindu Business Line အား ကိုးကား၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။ သို့သော် တင်ပို့မည့် ပြောင်းတန်ချိန်ပမာဏကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။
အိန္ဒိယနိုင်ငံ၌ ပြောင်းဝယ်လိုအား မြင့်တက်လျက်ရှိပြီး ကြက်မွေးမြူရေးကဏ္ဍတစ်ခုတည်းကပင် နှစ်စဉ် တန်ချိန် တစ်သန်းခန့် ထပ်ဆောင်းလိုအပ်ချက်ဖြစ်နေရာ လက်ရှိကာလတွင် ယင်းကဏ္ဍ၏ ပြောင်းဝယ်လိုအားမှာ တန်ချိန် ၁၆ သန်းခန့်ရှိကြောင်း ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇွန်လတွင် ကုန်ဆုံးသည့် သီးနှံစိုက်ပျိုးရေးနှစ်အတွင်း အစေ့ထုတ်ပြောင်း စုစုပေါင်း တန်ချိန် ၃၅ ဒသမ ၆၇ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်သီးနှံစိုက်ပျိုးရေးနှစ်တွင် ပြောင်းတန်ချိန် ၃၈ ဒသမ ၀၈ သန်း ထွက်ရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ နှစ်စဉ်ပြောင်းတန်ချိန် ၂ သန်းနီးပါးတင်ပို့လျက်ရှိပြီး နယ်စပ်မှ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အများဆုံးတင်ပို့နေကာ ပင်လယ်ရေကြောင်းမှတစ်ဆင့် အာဆီယံနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အခြားသောနိုင်ငံများသို့ အဓိက တင်ပို့နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။