၁၉. ၆ .၂၀၂၄
Written by Hey Mar
ကျန်းမာရေးအပေါ့အပါးသွားဖို့ အဝေးပြေးကားရပ်နားပေးစဥ် အမြန်လမ်းကို ဖြတ်ကူးပြီး အပေါ့အပါးသွားတဲ့ အသက် ၆၀ ဝန်းကျင်အမျိုးသမီးကြီးတစ်ဦး ကားကြိတ်သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့မနက် အစောပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၂၉ မိုင် ၃ ဖာလုံမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ရင်ခုန်သံ ရှင်သန်ရေး ရှင်ရေးကူညီမှုအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်က မနက် ၄ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ မိသားစုနဲ့အတူ ရန်ကုန်မှာ ဆေးကုသဖို့အတွက် စစ်ကိုင်း တိုင်း တန့်ဆည်မြို့နယ် သဲစားကျေးရွာက ထွက်ခွာလာကြတာလို့ သိရပါတယ်။
“သေဆုံးသူနာမည်က ဒေါ်သောင်း။ မန္တလာမင်း Express စီးလာကြတာ။ မိုင်တိုင် (၁၂၉ / ၃) မှာ ကျန်းမာရေး အပေါ့အပါးသွားဖို့ ရပ်ပေးတာမှာ သူက တစ်ဖက်လမ်းကို မန္တလေးဘက်အသွားလမ်းကို ကူးသွားတာမှာ ကားကြိတ်ခံရတာ။ အလောင်းက အတော်ရုပ်ပျက်ဆင်းပျက်ပဲ ဘယ်ကားတွေ ကြိတ်သွားမှန်းလည် မမြင်လိုက်ကြဘူး” လို့ ရင်ခုန်သံ ရှင်သန်ရေး ရှင်ရေး ကူညီမှုအသင်းက MT News ကို ပြောပါတယ်။
Deadbody ကို ရင်ခုန်သံမှ သွားရောက်သယ်ဆောင်ပြီး ရုပ်အလောင်းကောက်စဥ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အတော်ပြန့်ကြဲ ထွက်သွားတဲ့အတွက် မန္တလေးဘက်အခြမ်းကို ရဲနဲ့ မီးသတ်တပ်ဖွဲ့က လမ်းတစ်ခြမ်း နာရီပိုင်းခန့် ခေတ္တပိတ်ကာ ရှင်းလင်းခဲ့ရပြီး ရုပ်အလောင်းကို အုတ်တွင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။