၂၃. ၁၂. ၂၀၂၂
Written by Nay Moe
လွတ်လပ်ရေးနေ့အကြို ဘောလုံးပွဲများနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် ပြင်ဆင်နေမှု ပူးပေါင်းဆင်နွှဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက အရေးယူမည်ဟု စမ်းချောင်းမြို့နယ်အတွင်း ဗုံးခွဲသတ်ဖြတ်မှုများ ပြုလုပ်နေသည့် စမ်းချောင်း PDF နှင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့က ခြိမ်းခြောက်ပြီးနောက် အဆိုပါပွဲများကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် လွတ်လပ်ရေးနေ့အကြို ဘောလုံးပွဲများနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် ပြင်ဆင်နေမှု ပူးပေါင်းဆင်ဲနွှခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက PDF များထံ သတင်းပို့မည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ဖော်ပြခဲ့သလို စမ်းချောင်းမြို့နယ် မြေနီကုန်းတောင်ရပ်ကွက် ဗိုလ်မိုးလမ်းတွင် ကျင်းပမည့် ဘောလုံးပွဲကိုလည်း PDF (Sanchaung) က စီစဉ်သူ/ဦးဆောင်သူများအားလုံးအနေဖြင့် ပွဲအစီအစဉ်အား ဆက်၍ပြုလုပ်မည်ဆိုပါက စီစဉ်သူ/ဦးဆောင်သူများကို လိုအပ်သလို အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထူးသတိပေးလိုက်သည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထို့နောက် ရှင်စောပုရပ်ကွက်တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ ဘောလုံးပွဲအတွက် ဖိတ်ခေါ်ဆိုင်းဘုတ်ကိုလည်း ဓာတ်ပုံရိုက်ကာ “ဘယ်ကောင်တွေ သေရဲလဲ” ဟု မေးခွန်းထုတ်ထားသည်။ အဆိုပါ ခြိမ်းခြောက်မှုများကြောင့် ဗိုလ်မိုးလမ်းတွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ ဘောလုံးပွဲကို ဖျက်သိမ်းလိုက်ကြောင်းလည်း သိရသည်။
“အရင်ကတည်းက ရပ်ကွက်အလိုက်၊ လမ်းအလိုက် လုပ်ခဲ့တာ။ ရပ်ကွက်လူကြီးက လုပ်ပေးတယ်ဆိုတာကလည်း သူ့လမ်းလောက်ပဲ။ ကျန်တဲ့ ပျော်ပွဲရွှင်ပွဲတွေဆိုတာက လူငယ်တွေ၊ ပရဟိတအသင်းတွေ လမ်းထဲက ပိုက်ဆံရှိသူတွေက သူတို့ပိုက်ဆံစိုက်ထုတ်ပြီး တစ်နှစ်မှတစ်ခါလောက်ပဲ ဆော့ရ၊ ကစားရတဲ့ ကလေးတွေကို အပျော်ဆော့တဲ့ သဘောလောက်ပဲ။ အခုတော့ တော်တော်များများက မလုပ်ရဲကြတော့ပါဘူး” ဟု စမ်းချောင်းမြို့နယ်နေသူတစ်ဦးက ပြောသည်။
စမ်းချောင်းမြို့နယ်တွင် PDF များ၏ ခြိမ်းခြောက်မှုများကြောင့် လွတ်လပ်ရေးနေ့အကြို ပျော်ပွဲရွှင်ပွဲများ ဖျက်သိမ်းခဲ့သော်လည်း အခြားသောမြို့နယ်များတွင်မူ ဆက်လက်ကျင်းပရန် စီစဉ်မှုများ ရှိနေသည်ဟုလည်း သိရသည်။