October 18, 2024

၁၈. ၆. ၂၀၂၄
Written By Zun

တောင်ကုတ်မြို့သိမ်းရန်ကြံစည်နေသော AA က ရမ်းသမ်းပစ်ခတ်မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို ၃ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ထားသော သမီးငယ်တစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသေဆုံးသူ ၂ ဦးမှာ ရခိုင်ပြည်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်းကျွန်း၊ ကံဆိပ်တောင်ကျေးရွာက ဖြစ်သည်။

“ဒီနေ့ မနက်က ပစ်ခတ်ခံရတာဟုတ်ပါတယ်။ မနက် ၁၀ နာရီ ကျော်လောက်က ဖြစ်ပါတယ်။ ကျည်ဆံထိပြီး ဆုံးသွားတာပါ။ အပြင်မှာ ပြောနေကြတာက တပ်မတော်ဘက်က လေကြောင်းကနေ ဗုံးချလို့ သေတာလို့ ပြောနေကြတာ။ ဗုံးချတာကြောင့် မဟုတ်ဘူး။ ကျည်ဆံမှန်တာ”ဟု ဒေသခံတစ်ဦးက AA ပစ်ခတ်သောကျည်ထိမှန်၍ သုံးဘာသာဂုဏ်ထူးရှင်သမီးငယ် သေဆုံးရမှုကို MT News သို့ အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က စ၍ တောင်ကုတ်မြို့နယ်တွင် တပ်မတော်နှင့် AA အကြမ်းဖက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ပြီး AA ပစ်ခတ်ခဲ့သောကြောင့် တောင်ကုတ်တက္ကသိုလ်ဌာနမှူး နေအိမ်တစ်လုံးနှင့် မော်တော်ယာဉ်တစ်စီးလည်း ဇွန်လ ၁၆ ရက်က ထိခိုက်ပျက်စီးခဲ့သေးသည်။

ပန်းတင်းကျွန်းဆိုသည်မှာ တောင်ကုတ်မြို့မှ စက်လှေ(မော်တော်)ဖြင့် သွားရောက်ပါက ၂ နာရီခန့်ကြာသော နေရာတွင် တည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။

လက်ရှိတွင် တပ်မတော်က တောင်ကုတ်မြို့ပေါ် တွင် စိစစ်ရန်ရှိသောကြောင့် အဝင်အထွက်ကို ပိတ်ထားဆဲဖြစ်ကြောင်းလည်း မြို့ခံများက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တောင်ကုတ်မြို့၊ သင်္ဘောဆိပ်အနီးတွင်လည်း တပ်မတော်ဘက်ကို AA က ပစ်ခတ်ခဲ့မှုကြောင့် ဆယ်ကျော်သက် ယောကျ်ားလေးတစ်ဦး ကွယ်လွန်ခဲ့သေးကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ လူမှုကွန်ရက်တွင် ပျံ့နေသော်လည်း AA အနေဖြင့်လက်ရှိအချိန်အထိ ဖြေရှင်းရဲခြင်းလည်း မရှိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *