◾ AA နဲ့ပေါင်းပြီး ချင်းမြို့တွေသိမ်းနေတဲ့ ချင်းညီနောင်အဖွဲ့ကို ချင်းပြည်နယ်မှာ ရခိုင်အုပ်စိုးတာ လက်မခံတဲ့ CNA/CNF ပြန်လည်တိုက်ခိုက်
၁၈. ၆. ၂၀၂၄
Written by Nay Moe
AA နဲ့ပေါင်းပြီး ချင်းမြို့တွေသိမ်းဖို့ တပ်စခန်းတွေ တိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ကို ချင်းပြည်နယ်မှာ ရခိုင်လက်နက်ကိုင်အုပ်စိုးတာ လက်မခံတဲ့ CNA/CNF က ဒီမနက်မှာ ပြန်လည်တိုက်ခိုက်နေလို့ နှစ်ဖက်ညှပ်တိုက်ခိုက်ခံနေရတဲ့အကြောင်း ချင်းညီနောင်အဖွဲ့က အခု ထုတ်ပြန်လာပါတယ်။
AA ရဲ့ ဦးဆောင်မှုနဲ့ ပလက်ဝမြို့ကို NUG ဩဇာခံ ချင်း PDF တွေ စုပေါင်းသိမ်းယူပြီးကတည်းက ဌာနေချင်းလက်နက်ကိုင်တွေနဲ့ AA အကြား ပဋိပက္ခဖြစ်ကာ တိုက်ခိုက်ကြလို့ နှစ်ဖက်သေဆုံးမှုတွေရှိခဲ့တာပါ။
ဒါ့အပြင် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ရခိုင် AA တပ်ဖွဲ့ဝင်တွေဟာ ချင်းဒေသမှာ အလယ်တန်းကျောင်းသူပါမချန် သက်ငယ်မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရမှပြန်လွှတ်ပေးနေတယ်လို့ Global Khumi Organization(GKO) ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ထွန်းမြတ်နိုင်ဦးဆောင်တဲ့ AA အဖွဲ့ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ၂၀၂၄ ဇန်နဝါရီလမှာ အပြီးသတ်သိမ်းပြီး ရက္ခိတလမ်းစဉ်အတိုင်း အုပ်ချုပ်ရေးလုပ်ငန်း ဖော်ဆောင်ရာမှာ ဒေသခံချင်းလူမျိုးတွေအပေါ် အကြမ်းဖက်မှုပေါင်းစုံ၊ လူအခွင့်အရေးချိုးဖောက်မှုမျိုးစုံနဲ့ ဒေသတွင်းတရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးတာ ကျယ်ပြန့်စွာလုပ်လာတာကြောင့် AA က ဒေသခံချင်းလူမျိုးတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက တပ်မတော်ထက်ကိုဆိုးတယ်လို့ GKO က ထုတ်ပြောရတာပါ။ AA ဟာ ချင်းပြည်နယ်မှာ ၂၀၁၅ ကစ မူးယစ်ဆေးဖြန့်ဖြူးနေသလို အဓမ္မစစ်မှုထမ်းမှုလည်း လုပ်ဆောင်နေလို့ ချင်းလူငယ်တွေ ထွက်ပြေးနေရ၊ AA တပ်ဖွဲ့ဝင်တွေက ချင်းအမျိုးသမီးများစွာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာလူကြီးများစွာ၊ လူငယ်ခေါင်းဆောင်များစွာကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်လို့ တချို့က ကိုယ်အင်္ဂါပျက်စီးသွားရုံမက သေဆုံးသူများစွာလည်းရှိနေတာတွေလည်း GKO က ဖော်ထုတ်ပါတယ်။ ဒါ့အပြင် ထွန်းမြတ်နိုင်ရဲ့ AA တပ်ဖွဲ့ဝင်တွေကပဲ ဒေသခံချင်းအမျိုးသမီးများစွာကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင် မုဒိမ်းကျင့်ပြီး (၆)လကြာမှ ကိုယ်ဝန်နဲ့ပြန်လွှတ်တာ၊ အသက်မပြည့်သေးတဲ့ အလယ်တန်းကျောင်းသူပါမချန် ထပ်ခါတလဲလဲမုဒိမ်းကျင့်စော်ကားတဲ့ အလွန်စက်ဆုပ်ရွံရှာဖွယ် ရာဇဝတ်မှုတွေကိုကျူးလွန်နေတယ်လို့လည်း GKO က ပြောပါတယ်။
လက်ရှိမှာလည်း AA နဲ့ ချင်းညီနောင်အဖွဲ့က Operation CB ဆိုပြီး တီးတိန်နဲ့ မတူပီကို ဇွန်လ ၉ ရက်ကစ ထိုးစစ်ဆင်ချိန်မှာ ချင်းညီနောင်အဖွဲ့ကပဲ CNA တပ်ဖွဲ့ဝင်တစ်ဦးကို မနေ့က ဇွန်လ ၁၇ ရက်မှာ ဖမ်းဆီးလိုက်တာပါ။ ဒါကြောင့်မို့လို့ ဒီနေ့ ဇွန်လ ၁၈ ရက် မနက် ၅ နာရီ မိနစ် ၄၀ မှာပဲ CNA/CNF က လာပြန်တိုက်ခိုက်လို့ AA နဲ့ ချင်းညီနောင်ပူးပေါင်းအဖွဲ့ဝင်တွေဘက်က ၂ ဦးသေပြီး အများအပြားဒဏ်ရာရခဲ့ကြတယ်လို့ ချင်းညီနောင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ တပ်စခန်းတွေကို AA နဲ့ ချင်းညီနောင်တွေ တိုက်ခိုက်နေချိန်မှာ CNA/CNF ကပါတိုက်နေလို့ နှစ်ဖက်ညှပ်တိုက်ခိုက်ခံရတာကြောင့် CNA/CNF ကို ပြန်တိုက်မယ်လို့လည်း ချင်းညီနောင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။