၁၈.၆.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့အဝင်၊အမှတ်(၂) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမတွင် ဇွန်လ ၁၇ ရက်၊ညနေ ၄ နာရီခန့်က ကြက်ဥကတ်နှင့်သံသေတ္တာများတင်ဆောင်လာသော ကုန်တင်ယာဥ်မှာ စလစ်ဖြစ်ပြီး ဆိုင်ကယ်ကို ဝင်တိုက်ရာမှ ဆိုင်ကယ်မောင်းသူ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးမှာဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
“ကားက မိတ္ထီလာမြို့ဘက်ကနေ တောင်ကြီးဘက်ကို အသွားစလစ်ဖြစ်ပြီး တောင်ကြီးကနေ ကလောဘက်ကို ဆင်းလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်တာ။ ကားကတစ်ပတ်လည်သွားပြီးကလောဘက်ကို ခေါင်းပြန်ဝင်သွားတယ်”ဟု သွားရောက်ကူညီဆောင်ရွက်ခဲ့သည့် ကလောမြို့ ကရုဏာလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အသက် ၁၇ နှစ်အရွယ် ယောင်္ကျားလေးမှာ ဇက်ကျိုးကာ နေရာတွင်ပင်သေဆုံးခဲ့ပြီး ဆိုင်ကယ်အနောက်မှ စီးနင်းလိုက်ပါလာသည့် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။
သေဆုံးသူနှင့်ဒဏ်ရာရရှိသူတို့ကို ကလောမြို့ ကရုဏာလူမှုကူညီရေးအသင်းမှ အသင်းဝင် ၈ ဦးက ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။