၁၈. ၆. ၂၀၂၄
Written by Nay Moe
ရခိုင်လက်နက်ကိုင် AA နဲ့ ချင်းညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်၊ မတူပီမြို့က တပ်စခန်းတွေ သိမ်းပိုက်တဲ့ မြို့သိမ်းစစ်ဆင်ရေးအတွင်းမှာ Chinland Defense Force – Matupi (CDF-မတူပီ) တပ်မဟာ(၁)အဖွဲ့ဝင် ငါးဦးဟာ ငါးရက်အတွင်း သေဆုံးသွားတယ်လို့ ဒေသတွင်းက ချင်း PDF မီဒီယာတွေက ဖော်ပြထားပါတယ်။
CDF မတူပီက သေဆုံးသွားတဲ့ ချင်း PDF ငါးယောက်နဲ့ပတ်သက်ပြီး သတင်းတွေ ဖုံးဖိထားပေမဲ့လည်း ချင်းမီဒီယာတွေရဲ့ ဝမ်းနည်းကြောင်းဖော်ပြတဲ့ သေဆုံးမှုသတင်းတွေအရ ခလရ ၃၀၄ တပ်စခန်းထိုးစစ်ဆင်တိုက်ပွဲတစ်ခုအတွင်းမှာ CDF-မတူပီ တပ်မဟာ(၁)အဖွဲ့ဝင်တွေဖြစ်တဲ့ ရဲဘော် Salai Lai Thang Boi နဲ့ Salai Shwe Lian ၊ က ဇွန်လ ၁၄ ရက်မှာ သေဆုံးပြီး ရဲဘော် ဆလိုင်း ပါတူနဲ Salai Robertson တို့က ဇွန်လ ၁၇ ရက်မှာ သေဆုံးခဲ့သလို Salai Bawi Aa က ဒီနေ့သေဆုံးတာပါ။
ဇွန်လ ၉ ရက်ကစတင်ပြီး AA ဦးဆောင်တဲ့ ချင်း PDF တွေရဲ့ ချင်းညီနောင်စစ်ဆင်ရေး(Operation CB) ဖော်ဆောင်မှုမှာ Yaw Army(YA) တွေပါဝင်ပြီး မတူပီမြို့နယ်က ခလရ ၃၀၄ တပ်စခန်းကို ထိုးစစ်ဆင်တိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အကျအဆုံးများနေကြပေမဲ့ AA ၊ YA နဲ့ ကျန်တဲ့ ချင်း PDF တွေကတော့ သေဆုံးမှုသတင်း ဖုံးဖိထားပြီး ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
လက်ရှိအချိန်မှာ AA ဦးဆောင်တဲ့ ချင်းနဲ့ယောလက်နက်ကိုင်တွေရဲ့ မတူပီမြို့သိမ်းစစ်ဆင်ရေးကြောင့် မတူပီမြို့ခံပြည်သူအားလုံးလိုလိုဟာ မိုးတွင်းကာလကြီးမှာ စစ်ပြေးဒုက္ခသည်ဘဝ ကျရောက်နေရပြီး လူဦးရေထောင်ချီ စားဝတ်နေရေးအဆင်မပြေမှုဒုက္ခတွေ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
ဓာတ်ပုံ – CDF-မတူပီ တပ်မဟာ(၁)က သေဆုံးသွားသည့် ချင်းလက်နက်ကိုင်ငါးဦး (Photo – Matupi Times)