၂၃. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒက္ကာတွင် ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် လေထုသန့်စင်မှုအညွှန်းကိန်း ၁၉၇ ရှိနေရာ ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအဆိုးဝါးဆုံးမြို့ကြီးများအနက် သတ္တမနေရာတွင် ရှိနေကြောင်း သိရသည်။
ဒီဇင်ဘာ၂၂ ရက်က ဒက္ကာမြို့၏ လေထုသန့်စင်မှုအညွှန်းကိန်း ၂၅၁ ရှိခဲ့ရာ ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအဆိုးဝါးဆုံးသော မြို့ကြီးအဖြစ်သတ်မှတ်ခံခဲ့ရသည်။ ဒီဇင်ဘာ ၂၃ ရက်တွင် ပြန်လည်ကျဆင်းလာခြင်းဖြစ်သော်လည်း ဒက္ကာမြို့၏ လေထုသန့်စင်မှုက ကျန်းမာရေးအတွက် အန္တရာယ်ရှိသော အဆင့်တွင်ရှိနေဆဲပင်ဖြစ်သည်။
လေထုသန့်စင်မှုအညွှန်းကိန်း ၁၀၀ နှင့်အောက်ရှိမှ ကျန်းမာရေးအတွက် သင့်တော်သည်ဟုသတ်မှတ်ထားကြသည်။ ၁၀၁ နှင့်၂၀၀ အကြားတွင်ဆိုပါက ကျန်းမာရေးအတွက်မသင့်တော်ကြောင်း၊ အထူးသဖြင့် ကျန်းမာရေးထိခိုက်လွယ်သူများ၊ ရောဂါအခံရှိသူများအတွက် မသင့်တော်ကြောင်းဆိုကြသည်။ ၂၀၁ နှင့် ၃၀၀ အကြားသို့ ရောက်ရှိလာပါကမူ လေထုသန့်စင်မှု ဆိုးဝါးညံ့ဖျင်းသည့် အဆင့်သို့ ရောက်လာပြီဖြစ်ပြီ ၃၀၁ နှင့် ၄၀၀ အကြားတွင်ဆိုပါကမူ လူသားတို့အတွက် ဘေးအန္တရာယ်ဖြစ်စေမည့် ကျန်းမာရေးအတွက် အလွန်စိုးရိမ်ရသော လေထုညစ်ညမ်းမှုအဆင့်ရှိနေပြီဟု သတ်မှတ်ထားကြသည်။
ဒက္ကာမြို့သည် လေထုညစ်ညမ်းမှုပြဿနာနှင့် ရင်ဆိုင်နေရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ဆောင်းတွင်းတွင် ၎င်း၏လေထုညစ်ညမ်းမှုက ဆိုးဝါးတတ်ပြီး မိုးရာသီတွင် ပြန်လည်ကောင်းမွန်လေ့ရှိသည်။
လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လိုပင် ခန့်မှန်းခြေ လူခုနှစ်သန်းခန့် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နာတာရှည် အသက်ရှုလမ်းကြောင်းရောဂါ၊ အဆုတ်ရောဂါနှင့် ကင်ဆာရောဂါတို့ဖြင့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့စာရင်းဇယားများက ဖေါ်ပြခဲ့သည်။
Ref—- Dhaka Tribune