၁၈.၆.၂၀၂၄
Translated by Htwe Ko Tun
အီတလီနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းရေပြင်တွင် သင်္ဘောနှစ်စီးပင်လယ်ပြင်၌ စက်ပျက်မျောပါနေမှုများ ဇွန်လ ၁၇ ရက်ကသီးခြားစီဖြစ်ပွားခဲ့ရာ အဆိုပါသင်္ဘောပျက်မှုများ၌ အနည်းဆုံး လူ ၁၇ ဦးသေဆုံးပြီး ကလေးများအပါအဝင် ၆၀ ဦးကျော်ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့ကြသည်။
ဂျာမန်အထောက်အပံ့ပေးရေးအုပ်စုတစ်ခု၏ ကယ်ဆယ်ရေးသင်္ဘောတစ်စီးက နစ်မြုပ်လျက်ရှိသော သစ်သားရေယာဉ်တစ်စီးမှ လူ ၅၁ ဦးကို ပထမဆုံးကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ရွှေ့ပြောင်းနေထိုင်သူများဟု ယူဆရပြီး ၅၁ ဦးအနက် နှစ်ဦးမှာ သတိလစ်မေ့မြောနေကာ ရေယာဉ်အပျက်အစီးများအတွင်း ပုဆိန်ဖြင့်ဖြတ်တောက်ရှင်းလင်းကာပင် ကယ်ဆယ်ခဲ့ရကြောင်း ဂျာမန်အထောက်အပံ့ပေးရေးအုပ်စုက ပြောခဲ့သည်။
အဆိုပါရေယာဉ်ပျက်ကို အီတလီနိုင်ငံပိုင် လမ်ပီဒူဆာကျွန်းအနီးတွင် တွေ့ရှိခြင်းဖြစ်ပြီး ရေယာဉ်ပျက်၏ ရေမြုပ်နေသောအောက်ခြေကုန်းပတ်အတွင်း လူဆယ်ဦး၏အလောင်းများကို တွေ့ခဲ့ရသည်။ ထိုရေယာဉ်ပျက်နှင့် လိုက်ပါလာသူများတွင် ပျောက်ဆုံးနေသူမရှိဟု ယုံကြည်ရကြောင်းလည်း သိရသည်။ ရေယာဉ်ပျက်တွင် လိုက်ပါလာသူများက ဆီးရီးယား၊ အီဂျစ်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှလာသူများဖြစ်ကာ ၎င်းတို့ကို အီတလီကမ်းခြေစောင့်တပ်ဖွဲ့က ကမ်းခြေသို့ခေါ်ဆောင်သွားခဲ့သည်။
ဒုတိယရေယာဉ်ပျက်မှုက အီတလီနိုင်ငံ၊ ကာလာဘရီယာဒေသ၏ အရှေ့ဘက် ၁၂၅ မိုင်အကွာတွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့ သောရှစ်ရက်က တူရကီမှထွက်ခွာလာသော ရွက်လှေတစ်စီးက မီးလောင်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ထိုရွက်လှေပျက်မှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးအပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ သို့သော် ၎င်းတို့အနက် အမျိုးသမီးတစ်ဦးက ရေထဲသို့ပြုတ်ကျကာ ပြန်လည်ဆယ်ယူနိုင်ပြီးနောက် ချက်ချင်းပင် သေဆုံးခဲ့ရသည်။ ထို့ပြင် အခြားခြောက်ဦး၏ အလောင်းများကိုလည်း ကာလာဘရီယာဒေသ ကမ်းရိုးတန်းရေပြင်တွင် အတလီကမ်းခြေစောင့်တပ်ဖွဲ့က ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
ထိုရွက်လှေပျက်မှ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သူများ၏ပြောကြားချက်များအရ ရေယာဉ်နစ်မြုပ်မှုတွင် လိုက်ပါလာသူ ၆၆ ဦးပျောက်ဆုံးနေပြီး ၎င်းတို့တွင် ကလေး ၂၆ ဦးပါဝင်ကာ အချို့မှာ အလွန်ငယ်သေးကြောင်းသိရသည်။
ထိုရွက်လှေမှာ မီးလောင်မှုဖြစ်ပြီးနောက် ပင်လယ်ပြင်တွင် သုံးရက်မှလေးရက်အထိ မျောနေခဲ့ခြင်းဖြစ်ပြီး လိုက်ပါလာသူများကလည်း သက်ကယ်အင်္ကျီများ ဝတ်ဆင်ထားခြင်းမရှိကြပေ။ အသက်ရှင်ကျန်ရစ်သူများက ထိုရက်များအတွင်း အချို့ရေယာဉ်များက အနီးမှဖြတ်သန်းသွားသော်လည်း အကူအညီ မပေးခဲ့ကြကြောင်း ပြောခဲ့ကြသည်။ လိုက်ပါလာသည့် ရွှေ့ပြောင်းနေထိုင်သူများက အီရန်၊ အီရတ်နှင့် ဆီးရီးယားတို့မှဖြစ်ကြောင်း သိရသည်။
Ref-Sky News