၁၈.၆.၂၀၂၄
Written By Thandar
ပရဟိတစံပြထူးချွန်ဆု၊ ဂုဏ်ထူးဆောင်ဆုနဲ့ သာသနာပြုဘွဲ့ရ နယ်လှည့်ဆေးကု ဆရာမဒေါ်မြတ်သစ္စာရဲ့ ပရဟိတဆေးခန်းဖွင့်ပွဲကို ယနေ့ ဇွန် ၁၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက် ဆရာစံလမ်းရှိ အမှတ် (၉၆)မှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
“ကျွန်မအရင်က သန်လျင်မှာ ဆေးကုသနေတာ။ အဲ့ဒီကနေမှ မြို့ထဲကိုပြောင်းပြီး ဆေးခန်း ဖွင့်လှစ်ခဲ့တယ်။ ဒါပေမယ့် နယ်ကနေလာရောက်ကုသရတဲ့ လူနာတွေအတွက် တည်းခိုစရိတ်တွေနဲ့ ကုန်ကျစရိတ် အရမ်းများတဲ့အတွက် လက်ရှိ ဒေါပုံမြို့နယ် ဆေးကုသခန်းကို ပြောင်းရွှေ့ဖွင့်လှစ်တာဖြစ်ပါတယ်။ ဒီမှာဆိုရင် နယ်က လာရောက်ကုသတဲ့ လူနာတွေအတွက် အဆင်ပြေစေဖို့ တည်းခိုမယ့်နေရာအပြင် အစားအသောက်ပါ စီစဉ်ပေးထားတယ်။ ကျွန်မရဲ့ရည်ရွယ်ချက်က လူနာတွေ ရောဂါဝေဒနာတွေကို ပျောက်ကင်းသက်သာစေဖို့အတွက်ပါပဲ။ ငွေကြေးမတတ်နိုင်တဲ့လူနာတွေလည်း လာရောက်ကုသလို့ရပါတယ်”လို့ ဆရာမဒေါ်မြတ်သစ္စာက ပြောပါတယ်။
အဆိုပါ ပရဟိတဆေးခန်းဖွင့်ပွဲကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ ဇာတ်ပို့ဇာတ်ရံအလွှာ ဥက္ကဋ္ဌ သရုပ်ဆောင် ဦးဝင်းမြိုင်၊ သရုပ်ဆောင် မတူး၊ တေးသံရှင် သရုပ်ဆောင် ရွှေရုပ်လွှာ၊ Hope Charity Myanmar Foundation ဂုဏ်ထူးဆောင်အဖွဲ့က ဒေါက်တာချစ်ထိုက် စတဲ့သူတွေ တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒီဆေးခန်းမှာတော့ အကြောပြင်ပညာရပ်နဲ့ နှိပ်နယ်ကာဆေးကုသမှုပေးတဲ့အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ မြန်မာ့ဆေးပညာရှင်များအသင်းချုပ်က သင်ယူထားတဲ့ တိုင်းရင်းဆေးပညာရပ်တွေ ကုသပေးနေတာလည်းဖြစ်တယ်လို့ ရပါတယ်။ သူမကတော့ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စတဲ့နေရာတွေကိုလည်း နယ်လှည့်ပြီး ဆေးကုသပေးနေလျှက်ရှိသူလည်း ဖြစ်ပါတယ်။
“အန်တီဆိုရင်တော့ ခါးကြောညှပ်ပြီး တင်ပါးဆုံရိုးပါ နာပြီး ခြေထောက်တစ်ချောင်း မတ်တပ်ကောင်းကောင်းကို ကြာကြာ မရပ်နိုင်တာပါ။ ဆေးရုံဆေးခန်းက သမားတော်တွေနဲ့လည်း ပြသခဲ့ဖူးတယ်။ တခြားဆေးခန်းတွေလည်း သိန်းနဲ့ချီအကုန်ခံ ကုခဲ့တယ်။ မသက်သာပါဘူး။ အိမ်ကဝယ်ပေးထားတဲ့ မလေးရှားက ဆေးသောက်မှ အကိုက်အခဲကို သက်သာတာပါ။ ခုလိုဖြစ်နေတာ နှစ်၂၀ နီးပါးရှိပါပြီ။ ဒီဆရာမကို လိုင်းပေါ်မှာတွေ့တာနဲ့ ရှာဖွေပြီး လာကုသတာ။ ဆေးတွေလည်း သောက်စရာမလိုဘဲ မတ်တပ်လည်း ရပ်နိုင်လာလို့ တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ တကယ်လို့ ဝေဒနာခံစားနေသူတွေကို လာရောက်ကုသဖို့ပြုချင်ပါတယ်” လို့ အင်းစိန်နေထိုင်သူတစ်ဦးက MT Entertainment ကို ပြောပါတယ်။
ဆရာမဒေါ်မြတ်သစ္စာ ဆေးခန်းမှာ ဒူးနာ၊ ခါးနာ၊ လေငန်း၊ လေဖြန်း၊ လေဖြတ်၊ အကြောညပ်၊ ထုံကျင်ကိုက်ခဲရောဂါတွေ၊ အာရုံကြောဆိုင်ရာနဲ့ ပက်သက်တဲ့ရောဂါတွေကို ကုသပေးလျက်ရှိသလို ရပ်နီးရပ်ဝေးအပြင် နယ်ကလာရောက် ကုသမှုခံယူသူတွေအတွက်လည်း အခမဲ့တည်းခိုနိုင်အောင် စီစဥ်ပေးပြီး ပရဟိတအနေနဲ့ဆောင်ရွက်ပေးထားတာလည်း ဖြစ်ပါတယ်။