September 27, 2024

၁၈. ၆. ၂၀၂၄
Written by Nay Moe

သာသနာ့ယာဉ်အသုံးပြုပြီး မုံရွာမြို့ပေါ်က ချမ်းသာကြွယ်ဝသူတွေကို လိုက်လံဖမ်းဆီး ပြန်ပေးဆွဲနေတဲ့ PDF သုံးဦးကို မနေ့က ဇွန်လ ၁၇ ရက် မနက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်ပြီး သေနတ် သုံးလက်၊ ကားတစ်စီး၊ ကျည်ဆန်တွေအပြင် PDF တစ်ဦး အရှင်ဖမ်းမိခဲ့သလို PDF တစ်ဦးကတော့ အသေမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က မနေ့က မနက် ၉ နာရီခန့်မှာ ဖြစ်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ မေတ္တာလမ်းမှာရှိတဲ့ ကုန်စုံဆိုင်ကို ပြန်ပေးဆွဲဖို့ သာသနာ့ယာဉ်နဲ့ရောက်လာတဲ့ PDF သုံးဦးကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရာမှာ တစ်ယောက်က ဖမ်းမိပြီး နှစ်ယောက်က ထွက်ပြေးတာကြောင့် ပစ်ခတ်ချိန်မှာ တစ်ဦးကို အသေမိပြီး ကျန်တစ်ဦးကတော့ ကားနဲ့ထွက်ပြေးသွားတာပါ။ ဒါကြောင့်မို့လို့ လိုက်လံဖမ်းဆီးချိန်မှာ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားလို့ ကားနဲ့ လက်နက်တွေ ဖမ်းမိတာလို့ သိရပါတယ်။

ဒီဖြစ်စဉ်မှာ သာသနာ့ယာဉ်တစ်စီး၊ MK-12 သေနတ်တစ်လက်၊ Type- 81 သေနတ်တစ်လက်၊ လက်လုပ်သေနတ်အတိုတစ်လက်၊ ကျည်မျိုးစုံ ၂၇ တောင့်၊ ကျည်အိမ်နှစ်ခုနဲ့ PDF အလောင်းတစ်လောင်းနဲ့ PDF တစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ သိရပြီး လက်ရှိမှာ ဖမ်းမိ PDF ကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မုံရွာမြို့ပေါ်မှာ မကြာခဏ ပြန်ပေးဆွဲလေ့ရှိတဲ့အဖွဲ့က NUG လက်အောက်ခံ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း မေလ ၂၄ ရက်မှာလည်း ရဲအရာခံဝင်းနိုင် (အငြိမ်းစား) ကို မုံရွာမြို့ပေါ်တက် ဖမ်းဆီးပြီး မိသားစုဆီ ကျပ်သိန်း ၂၀၀ တောင်းခံခဲ့ပြီး မပေးရင် သတ်ပစ်မယ်ခြိမ်းခြောက်ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်စန်းလွင်က MT News ကို ပြောထားသလို မေလ ၂၅ ရက်မှာလည်း ခမရ – ၉၂၉ က ဒုတပ်ကြပ် စန်းချစ်နိုင်ကို မုံရွာပလဖကပဲ မုံရွာမြို့ပေါ်တက် ဖမ်းဆီးခဲ့ပါသေးတယ်။ လက်ရှိမှာလည်း သာသနာ့ယာဉ်အသုံးပြုပြီး ကုန်စုံဆိုင်ကို ပြန်ပေးဆွဲဖို့ မုံရွာမြို့ပေါ်တက်လာတဲ့ PDF သုံးဦးဟာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က PDF တွေလို့ သတင်းထွက်နေတာကြောင့် MT News က မေလ ၁၇ ရက်မှာ ပစ်ခတ်ဖမ်းဆီးခံရတဲ့ PDF သုံးဦးဟာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဟုတ်မဟုတ် အတည်ပြုမေးမြန်းထားပြီး ဖြေကြားလာရင် ဆက်လက်ဖော်ပြပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *