September 28, 2024

၁၈. ၆. ၂၀၂၄
Written by Nay Moe

KNU နှင့် PDF များ တိုက်ခိုက်သတ်ဖြတ်လုယက်မှုကြောင့် အငြိမ်းစားဗိုလ်ကြီးတစ်ဦး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် လူ ၅ ဦး တစ်နေ့တာအတွင် သေဆုံးခဲ့ရမှု ဇွန်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ခေါင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာနေ ရာအိမ်မှုး ဦးမျိုးမင်းထွန်း(ခ)ပွကြီး(၃၉)နှစ်သည် ၎င်း၏နေအိမ်မှ နွားကျောင်းရန်ထွက်ခွာလာစဉ် ကြို့ပင်ဝိုင်းထိပ်အရောက် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ(၁)ရွှေလေးညီနောင်အဖွဲ့နှင့် ပေါက်ခေါင်း(ပကဖ) ဆောင်းခိုငှက်အဖွဲ့တို့မှ PDF ခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီခွဲတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်းလေးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးချစ်ဝင်း (၇၄)နှစ်သည် သားဖြစ်သူ ဦးအောင်ဇော်ထွေး (၄၇)နှစ်၊ မြေးဖြစ်သူ မောင်အောင်ပန်း (၁၉) နှစ်တို့နှင့် အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU နှင့် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်းနှစ်လုံး၊ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ်တစ်ကွင်းနှင့် ငွေကျပ်သိန်း ၅၀ တို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးချစ်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ပြီး ဦးအောင်ဇော်ထွေးနှင့် မောင်အောင်ပန်းတို့တွင် ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

ထို့အတူ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ထားဝယ်ဈေးရပ်ကွက်နေ ဦးနေဦးလွင် (၃၈)နှစ်သည် ထားဝယ်ဈေးရပ်ကွက်ရှိ “ကောင်းဆက်” ကွမ်းယာဆိုင်၌ ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး စစ်ကိုင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ယင်းအပြင် ညနေ ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ အငြိမ်းစားဗိုလ်ကြီး ဦးအောင်ကိုကို (၅၄) နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာရှိ ဘောလီဘောကစားကွင်းသို့ လမ်း လျှောက်သွားစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ည ၇ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အမှတ်(၁) ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးရဲရင့်အောင် (၃၃) နှစ်သည် ဇနီးဖြစ်သူ ဒေါ်အိအိသွယ်၊ သားဖြစ်သူ မောင်လင်းသစ်ကျော် (၆) နှစ်တို့နှင့်အတူ ၎င်း၏နေအိမ်ရှေ့၌ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးရဲရင့်အောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ရွှေလောင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်များအပြင် ည ၈ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ပျဉ်းချောင်းကျေးရွာနေ ဦးသိန်းဆောင်(၃၇)နှစ်သည် ဥသျှစ်ကုန်းကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ ဒေသအခေါ် ရှားတောကြီးရှိ ယာခင်းတဲ၌ ရှိနေစဉ် PDF ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးသိန်းဆောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *