September 28, 2024

၁၈. ၆. ၂၀၂၄
Written by Nay Moe

ရာအိမ်မှူးလင်မယားကို PDF များ ပစ်ခတ်သတ်ဖြတ်ပြီး ဖုန်းနှင့် ငွေ လုယက်ယူဆောင်မှု မလှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကျောက်တွင်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မလှိုင်မြို့နယ်၊ သရက္ကန်(တောင်)ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးစိန်မြင့်အောင် (၅၆)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ဖော့(ခ)ဒေါ်တင်ဆန်း(၅၅)နှစ်တို့သည် ၎င်းတို့နေအိမ်မှ မလှိုင်မြို့သို့ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကျောက်တွင်းကျေးရွာအနီး လမ်းဆုံအရောက်၌ အသင့်စောင့်နေသည့် PDF (အင်အားစိစစ်ဆဲ) များက လင်မယားနှစ်ယောက်စလုံးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ငွေ ၁၅၀,၀၀၀ ကျပ်ပါ ကျောပိုးအိတ်တစ်လုံးနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီကလည်း ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာနေ ဦးဘိုဝင်း(ခ)ဦးစိန်ဘိုဝင်း (၅၅) နှစ်သည် ညောင်ဝန်းကျေးရွာရှိ ဒေါ်မီမီကျော် (၃၅) နှစ်၏နေအိမ်၌ လက်သမားလုပ်ငန်းလုပ်ကိုင်နေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဘိုဝင်း(ခ) ဦးစိန်ဘိုဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *