၁၈. ၆. ၂၀၂၄
Written by Ye Kyaw
မီတာခနှုန်းထား တိုးမြှင့်ကောက်ခံ၍ စက်မှုဇုန်များအား တစ်ရက်ကို လျှပ်စစ်မီး ၈ နာရီအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး အများပြည်သူသုံးလျှပ်စစ်မီတာခများကိုလည်း တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။
စက်မှုဇုန်များမှာ တစ်ရက်ကို မနက် ၅ နာရီမှ မနက် ၇ နာရီအထိ နှစ်နာရီသာ လျှပ်စစ်မီးရရှိခြင်းဖြစ်ပြီး ကျန်လိုအပ်ချက်များကို နိုင်ငံတော်မှ စက်သုံးဆီရောင်းချပေးကာ မီးစက်များဖြင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နေရခြင်းဖြစ်သည်။
ထို့ကြောင့် စက်မှုလုပ်ငန်းရှင်များက သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြတောင်းဆိုမှုကြောင့် တစ်ရက်ကို ၄ နာရီအထိ လျှပ်စစ်မီးတိုးပေးခဲ့ရာမှ ပြီးခဲ့သည့်အပတ်မှစတင်၍ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တစ်ရက်ကို ၈ နာရီအထိ တိုးမြှင့်ပေးခဲ့ပြီး ယင်းကဲ့သို့ တိုးမြှင့်ပေးခဲ့မှုကြောင့် မီတာခနှုန်းထားများကိုလည်း တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုတစ်နေ့က အစည်းအဝေးလုပ်တယ်။ တိုင်းဒေသကြီးမှာလေ။ ကျွန်တော်တို့ စက်မှုဇုန်ဖြစ်ပြီး တစ်နေ့ကို မနက် ၅ နာရီကနေ မနက် ၇ နာရီအထိပဲ မီးပေးတယ်။ အဲဒီတော့ ကျွန်တော်တို့တင်ပြတာပေါ့။ တင်ပြတော့ ဆီရောင်းပေးပါတယ်။ ဒါပေမဲ့လည်း မီးစက်ဆိုတာကလည်း ရေရှည်မောင်းတော့ ပျက်ကုန်ပြီ။ အဲဒီတော့ ဟိုတလောက တစ်ရက်ကို ၄ နာရီစပေးတာကနေ ပြီးခဲ့တဲ့အပတ်ကနေ အစည်းအဝေးတစ်ခုခေါပြီး တစ်နေ့ကို ၈ နာရီ မနက် ၉ နာရီနဲ့ ညနေ ၅ နာရီ မီးပေးတယ်။ မီတာခနှုန်းထားကတော့ တရားဝင်စာတော့ မထွက်လာသေးဘူး။ ဝန်ကြီးကတော့ပြောတယ်။ နည်းနည်းတော့တက်မယ်။ အတည်မပြုသေးဘူး။ တရားဝင်ကြေညာပါလိမ့်မယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။
စက်မှုဇုန်များအား လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံပြီးပါက အများပြည်သူသုံး လျှပ်စစ်မီတာခများကိုလည်း တိုးမြှင့်ကောက်ခံသွားရန် အစီအစဉ်ရှိသော်လည်း မည်သည့်အချိန်နှင့် မည်မျှနှုန်းထားအထိ တိုးမြှင့်ကောက်ခံမှုကို မသိရှိရသေးကြောင်း သိရသည်။
“နှုန်းထားပြောင်းတာတော့ပြောင်းမယ်။ နှုန်းထားတော့ မသိသေးဘူး။ အဲဒီတော့ ပြည်သူတွေခံသာအောင်တော့ လုပ်ပေး။ လုပ်ငန်းရှင်က ပိုက်ဆံတတ်နိုင်တော့ ပြဿနာမရှိဘူး။ ပြည်သူတွေက ဒီအချိန်မှာ ဝင်ငွေမရှိဘူး။ သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းက ပြောသည်။
ယခင်က အိမ်သုံးမီတာခ တစ်ယူနစ် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ်နှင့် စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများအတွက် တစ်ယူနစ် အနည်းဆုံး ၅၀ ကျပ်မှ ၁၅၀ ကျပ်သာ ကောက်ခံရာမှ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှစတင်၍ ပြောင်းလဲတိုးမြှင့် ကောက်ခံထားပြီးဖြစ်သည်။
ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံခဲ့ပြီးနောက် လက်ရှိတွင် အိမ်သုံးလျှပ်စစ်မီတာအတွက် ၁ ယူနစ်မှ ၃၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့် အထက် ၁၂၅ ကျပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများအတွက် တစ်ယူနစ် အနည်းဆုံး ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အထိ ကောက်ခံနေရာမှ ထပ်မံတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။