၁၈. ၆. ၂၀၂၄
Written by Nay Moe
ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်၊ မန်တောက်ကျေးရွာမှာ ဟင်းသီးဟင်းရွက်ရှာတဲ့ အမျိုးသမီးတစ်ယောက် မြေမြှုပ်မိုင်းပေါက် ကွဲလို့ ပွဲချင်းပြီးသေဆုံးမှု မနေ့ကဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဥ်က ဇွန်လ ၁၇ ရက် နံနက် ၉ နာရီအချိန်မှာ အသက် ၃၄ နှစ်အရွယ် ယာအီဆေးဟာ တပ်စခန်းဟောင်းဖြစ်ပြီး လက် ရှိ TNLA တပ်မဟာ (၃) စစ်ဒေသ နယ်မြေခံတပ်ဖြစ်တဲ့(ယခင် ခလရ – ၁၃၀)တပ်စခန်းနေရာအနီးမှာ ဟင်းသီးဟင်းရွက်သွားရှာချိန် မြေမြှုပ်မိုင်းနင်းမိလို့ ပေါက်ကွဲကာ နေရာတင် သေဆုံးသွားခဲ့တာပါ။
ခလရ – ၁၃၀ ကို TNLA က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ သိမ်းယူပြီး TNLA တပ်စခန်းအခြေပြန်ချဖို့ ၂၀၂၄ ဖေဖော်ဝါရီ ၃ ရက်မှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယဥက္ကဋ္ဌ(၁) ဗိုလ်ချုပ်တားဂျုတ်ဂျား၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူး၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇားတို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး မိုင်းရှင်းလင်းမှုတွေလုပ်တာ၊ ပျက်စီးမှုတွေ ပြင်ဆင်ရှင်းလင်းတာ လုပ်ခဲ့ကြတာပါ။
အဲဒီနောက် TNLA စစ်ဒေသ (၃) အခြေချရာ ခလရ – ၁၃၀ စခန်းဟောင်း ပြန်အသိမ်းမခံရဖို့ မြေမြှုပ်မိုင်းတွေထောင်တာ၊ ထောင်ချောက်တွေလုပ်၊ လက်နက်တွေဆင်တာမျိုးလုပ်ခဲ့လို့ မိုင်းရှင်းပြီထင်ပြီး ဟင်းသီးဟင်းရွက်ရှာသူတွေ ထိခိုက်နေရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။