၂၃. ၁၂. ၂၀၂၂
Written by Naing Thuta
အသက် ၆၅ နှစ်အရွယ် အဖွားအိုတစ်ဦးကို သနပ်ခါးတုံးဖြင့်ထုသတ်ပြီး လေးကျပ်သားခန့်ရှိသော ရွှေဆွဲကြိုးလုယက်မှု အမရပူရမြို့နယ်တွင် ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝက်ကုန်းရပ်(ဒေသအခေါ်)ရှိ နေအိမ်တစ်အိမ်တွင် ဒီဇင်ဘာ၂၂ ရက် ည ၈ နာရီကျော်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးတည်း ရှိနေစဉ် လုယက်သတ်ဖြတ်သူက အဖွားအိုကို သနပ်ခါးတုံးဖြင့်ထုပြီးနောက် ထိုသနပ်ခါးတုံးပါးစပ်ထဲထိုးထည့်ကာ လည်ပင်းတွင်ဆွဲထားသည့် လေးကျပ်သားခန့်ရှိသော ရွှေဆွဲကြိုးအား လုယူသွားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး)၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“အပြင်ကနေပြန်လာတော့ အိမ်ရှေ့ဧည့်ခန်းမှာရှိတဲ့ ဘုရားစင်ရှေ့က ကွပ်ပျစ်ပေါ်မှာ အမေသွေးတွေနဲ့ လဲနေတာကို စတွေ့လိုက်ရတယ်။ ပြီးတော့ ပါးစပ်မှာလည်း အရှည် ၈ လက်မနဲ့ လုံးပတ် ၅ လက်မလောက်ရှိတဲ့ သနပ်ခါးတုံးကိုလည်း ထိုးထည့်ထားသေးတယ်။ လည်ပင်းမှာလည်း ညိုမဲနေတာပဲ။ နှာခေါင်းကလည်းသွေးတွေထွက်ထားပြီး ခေါင်းကိုလည်း ထုထားသေးတယ်။ မြင်မြင်ချင်းလန့်ပြီး အိမ်နီးနားချင်းတွေကိုအော်ခေါ်ကာ အကူညီတောင်းလိုက်တော့ အမေ့အသက်မရှိတော့ဘူးတဲ့။ အမေ့လည်ပင်းမှာဆွဲထားတဲ့ လေးကျပ်သားလောက်ရှိတဲ့ ရွှေဆွဲကြိုးလည်းမရှိတော့ဘူး။ အဲဒီတော့မှ သေချာတယ်။ ဒါ ဆွဲကြိုးလုပြီး သတ်သွားတာဖြစ်မယ်။ အမေဒီအရွယ်ရောက်မှ အခုလိုဖြစ်ရတယ်လို့ ရက်စက်လိုက်ကြတာ။ ကိုယ့်အိမ်ထဲမှာတောင် မလုံခြုံတော့တဲ့ဘဝကိုရောက်နေကြပြီ” ဟု အသက် ၄၇ နှစ်အရွယ်သမီးဖြစ်သူမှ MT News သို့ ပြောသည်။
အဆိုပါရုပ်အလောင်းအား သမီးဖြစ်သူမှ ရပ်ကွက်အတွင်း အဝတ်လျှော်ခများလိုက်လံတောင်းခံပြီး နေအိမ်သို့ ပြန်ရောက်လာစဉ် နေအိမ်တွင်ကျန်ရစ်ခဲ့သည့် မိခင်ဖြစ်သူမှာ တီဗွီစင်ရှေ့ ကွပ်ပျစ်ပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိရသည့်အပြင် ၎င်း၏ လည်ပင်းတွင်လည်း ဝတ်ဆင်ထားသည့် ၄ ကျပ်သားခန့်ရှိသောရွှေဆွဲကြိုး ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် သမီးဖြစ်သူမှာ အိမ်နီးနားချင်းများအား အော်ဟစ်အကူအညီတောင်းခံခဲ့ကာ သေဆုံးသွားသူ၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး)မှမော်တော်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသက် ၄၇ နှစ်အရွယ် သမီးဖြစ်သူက သူမ၏ မိခင်အား သနပ်ခါးတုံးဖြင့် ထုနှက်သတ်ဖြတ်ပြီး ရွှေဆွဲကြိုး ယူဆောင်သွားသူကို အရေးယူပေးပါရန် အမရပူရမြို့မရဲစခန်းသို့ တိုင်ကြားထားခဲ့ကာ ရဲစခန်းမှ (ပ)၂၅၈/၂၀၂၂၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၄ အရ အမှုဖွင့်ပြီး တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။