MT News
၁၇. ၆. ၂၀၂၄
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇူလိုင် ၁၀ ရက်နှင့် ၁၃ရက်တွင် ယှဥ်ပြိုင်ကစားရန် စီစဉ်ထားသည် အိန္ဒိယအမျိုးသမီး လက်ရွေးစင်အသင်းနှင့် ကစားမည့် နိုင်ငံတကာ ခြေစမ်းပွဲအတွက် ဇွန် ၁၆ ရက်မှ စတင်၍ လေ့ကျင့်မှုများ စတင် ပြုလုပ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့် အိန္ဒိယအမျိုးသမီး လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲစဥ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင် ကစားသွားရန် စီစဥ်ထားသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီတက်ဆုရိုက ကိုင်တွယ်လျက်ရှိပြီး လက်ရွေးစင်အသင်းများ အဆောင်တွင် ကစားသမား (၃၀) ဦးဖြင့် စခန်းသွင်း လေ့ကျင့်နေပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားသွားမည့်အပြင် ပြည်ပ နိုင်ငံများသို့လည်း လေ့ကျင့်ရေး ခြေစမ်းခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်။
ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အတွေ့အကြုံရှိ ကစားသမားများအပြင် မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့သည့် လူငယ်ကစားသမားများကိုလည်း ထည့်သွင်း ရွေးချယ်ထားသည်။