၁၇. ၆. ၂၀၂၄
Written by Nyein Kyaw
ပြည်တွင်းမှ ထွက်ရှိသည့် ဝါများဖြင့် အရည်အသွေးမြင့် ချည်ထည်နှင့်ပိတ်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။
ပြည်ပသို့ ဝါများကို ရောင်းချမည့်အစား ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် အဆင့်မီချည်များကို ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခြင်ထောင်၊ စောင်၊ အိပ်ယာခင်း အပါအဝင် အခြေခံချည် ထည်အမျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီးဖြစ်သောကြောင့် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ကျစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြည်တွင်းမှထွက်ရှိသည့် ဝါများဖြင့်အရည်အသွေးမြင့် ချည်ထည်နှင့် ပိတ်များထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။