ဖြိုးဝေ
၁၇. ၆. ၂၀၂၄
လားရှိုးကို သိမ်းမယ်ဆိုပြီး သတင်းတွေ လှုပ်ခတ်လာနေတဲ့ ဒီရက်သတ္တပတ်မှာပဲ နှစ်ဖက် စစ်အင်အားဖြည့်တင်းမှုတွေ လုပ်နေကြတာ တွေ့ရပါတယ်။ ဒီတစ်ခါ စစ်ဆင်ရေးက စောင့်ကြည့်ချင်စရာဖြစ်ပြီး တပ်ဘက်ကလည်း အရင်က အထိနာခဲ့တဲ့ ဒရုန်းတွေကို အခုအချိန်မှာ အပြိုင်သုံးနိုင်လာတာ၊ MNDAA နဲ့ TNLA တို့က သူတို့ သိမ်းထားတဲ့ မြို့တွေကို PDF တွေ တခြားလက်နက်ကိုင်တွေ ခြေချမခံလို့ NUG ကို ထိန်းထားတဲ့ KIA နဲ့ နယ်မြေလုကြ၊ လုပ်ငန်းတွေလုကြနဲ့ မကြာခဏစစ်ဆိုင်နေရတာကြောင့် KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကပါ မြောက်ပိုင်းသုံးဖွဲ့ကို ခွေးသုံးကောင်လို ပြောထားတာတွေကြောင့်ပါ။ ဒီနေရာမှာ MNDAA နဲ့ TNLA လုပ်ရပ်ကြောင့် PDF တွေက အရင်လို ဝင်တိုက်ပေးမှာ မဟုတ်ဘူးလို ယူဆမှုတွေ ရှိပေမဲ့လည်း တကယ်တမ်း မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဝင်ကူတိုက်ကြတဲ့ NUG ရဲ့ မန္တလေး PDF၊ မောင်ဆောင်းခအုပ်စုရဲ့ BPLA နဲ့ ဗိုလ်နဂါးရဲ့ BNRA တိုဟာ ကြေးစားစစ်သားအသွင်သာဖြစ်ပြီး MNDAA နဲ့ TNLA တို့ ပေးမဲ့ကမ်းမဲ့ ကမ်းလှမ်းမှုတွေ၊ သူတို့ကို ထောက်ပံ့နေရတဲ့ အနောက်အုပ်စုနဲ့ လက်မည်းတွေက ဝင်တိုက်ဆို ဝင်တိုက်ပေးရမဲ့ အခြေအနေမို့လို လားရှိုးကိုသာ တကယ်သိမ်းမယ်ဆိုရင် ကြေးစားသာသာ PDF တွေက ရှေ့ကနေ အသေခံတိုက်ပေးရမဲ့ဖြစ်စဉ်တွေ မြင်ရနိုင်တဲ့ ဒီတစ်ပတ်မှာပဲ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံဥက္ကဋ္ဌသုံးနိုင်ငံက လာမဲ့ဇူလိုင်လမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ကျုးကျော်လာတဲ့ KIA နဲ့ PDF တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ဦးဇခုန်တိန့်ယိန်းက စစ်မိန့်ပေးခဲ့ပေမဲ့ ဇူလိုင် ၁၄ ရက်နေ့မှာတော့ ကချင်ပြည်နယ်အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းကပဲ တိုက်ပွဲတွေရပ်တန့်ပေးကြဖို့ တောင်းဆိုချက်တစ်စောင် ဆက်လက် ထုတ်ပြန်ခဲ့သလို ကချင်ပြည်နယ်၊ ပူတာအို၊ ချီဖွေ၊ မြစ်ကြီးနား၊ ဗန်းမော်တို့မှာ KIA နဲ့ ပူးပေါင်းတပ်တွေက အစိုးရတပ်စခန်းတွေကို တိုက်ခိုက်နေတာက နိုင်ငံအတွက် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်ရလို့ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုလာတာ၊ တရုတ်က ဒီနှစ်ပိုင်းတွေထဲ အကြီးဆုံးအဖြစ် CDC ဆောက်လုပ်ပေးတာ၊ ရေယာဉ် ၆ စီး ကူညီခဲ့သလို မဲခေါင်-လန်ချန်း အထူးရန်ပုံငွေနဲ့ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်မယ့် ဒေါ်လာ ၃ ဒသမ ၆ သန်းရှိတဲ့ စီမံကိန်း ၁၂ ခုအတွက် ရန်ပုံငွေလွှဲပြောင်းပေးတာ၊ ထိုင်းနိုင်ငံရောက် PDF ထောက်ပို့အဖွဲ့ရုံးကို ထိုင်းအာဏာပိုင်တွေစီးနင်းပြီး တာဝန်ခံကို တင်ပါးပိတ်ကန် သိမ်းယူသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ခြေနင်းဖတ်ချပြသွားတာ၊ ကယား PDF တွေဆီပို့မဲ့ စစ်အသုံးအဆောင် ပစ္စည်း ဘတ် တစ်သန်းဖိုးလောက် သိမ်းလိုက်တာ၊ ခေတ်အဆက်ဆက် ပညာရေးနဲ့ စီးပွားရေး အားနည်းချက်တွေကြောင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ခဲ့ရပြီး နိုင်ငံ့လူဦးရေ ထက်ဝက်ခန့်က လုံခြုံရေးနဲ့ပတ်သက်လို့ အားနည်းနေဆဲဖြစ်တယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားတာ၊ SAC ဥက္ကဋ္ဌ တက်ရောက်ခဲ့တဲ့ သန်လျင်တံတားအမှတ်-၃ ဖွင့်ပွဲအခမ်းအနားကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မယ့် တရားခံ ၉ ဦး ဖမ်းဆီးနိုင်ခဲ့သလို ဒီလိုတိုက်ခိုက်ဖို့ လုပ်ဆောင်တာက NUG ကာကွယ်ရေးဝန်ကြီးရည်မွန်ဆိုပြီး ထုတ်ပြန်လာတာ စတဲ့ ဖြစ်စဉ်တွေရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ NUG အသံမထွက်ဘဲ ပါးစပ်ပိတ်နေရတဲ့ ပုလဲမောင် အသတ်ခံရမှုအကြောင်း၊ ထိုင်းနိုင်ငံရောက် PDF ထောက်ပို့သတ်လို့ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ မြန်မာအမျိုးသမီးအလောင်းနဲ့ လွတ်လပ်တဲ့နိုင်ငံတစ်ခုလို ပြုမူနေတဲ့ MNDAA ရဲ့ သေဒဏ်စီရင်မှုတွေအပေါ် စိန်ခေါ်မှုတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
◾ NUG အသံမထွက်တဲ့ ပုလဲမောင် အသတ်ခံရမှု
ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲခေါင်းဆောင် ဇော်ထက်ရဲ့ အိမ် မြေအောက်ခန်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့ ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းပြန်ကြားရေးတာဝန်ခံ ပုလဲမောင် သေဆုံးမှုအတွက် NUG က အမှုမှန်ဖော်ထုတ်ပေးဖို့ မိသားစုနဲ့ ပြည်သူတွေက ဒီတစ်ပတ်မှာ ဆန္ဒပြခဲ့ကြပြီး ဒီဆန္ဒပြမှုကိုတော့ ပုလဲမောင်ကို သတ်တဲ့ လူသတ်တရားခံလို့ စွပ်စွဲခံနေရတဲ့ ပုလဲပအဖခေါင်းဆောင် ဇော်ထက် မင်းတိုင်ပင်ကျေးရွာပအဖရုံးကိုရောက်လာချိန်မှာ ပုလဲမောင်ရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံပြည်သူ ၃၀၀ ကျော်က ဇွန်လ ၆ ရက် မနက် ၇ နာရီကနေ ၉ နာရီအထိ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး မိသားစုဝင်တစ်ဦးကတော့ ပုလဲမောင် သေဆုံးတာက လူသတ်ခံရတာ ယုံကြည်လို့ ဆန္ဒပြတယ်ပြောတာက ဒီတစ်ပတ်မှာ လွင့်ပျံလာပါတယ်။
ဒီဖြစ်စဉ်မှာ ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ပုလဲမောင်ဟာ မေလ ၂၃ ရက် ညနေပိုင်းမှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး သူ့ကို မေလ ၂၄ ရက် ည ၁၀ နာရီကျော်အချိန်မှာ ပုလဲမြို့နယ်ပအဖခေါင်းဆောင် ဇော်ထက်ရဲ့ နေအိမ်မြေအောက်ခန်းထဲမှာ နှာခေါင်းရိုးကျိုးဒဏ်ရာ၊ ဦးဆက်အရိုက်ခံထားရတဲ့ဒဏ်ရာ၊ ညို့သကျည်းရိုးကျိုးနေပြီး ခန္ဓာကိုယ်ပါ မီးမြိုက်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးလျက်သားတွေ့ရှိခဲ့တာဖြစ်ပြီး ဇော်ထက်က ပုလဲမောင် သူ့အိမ်မှာသေဆုံးနေတာကို ဗိုလ်နဂါးရဲ့ BNRA က ဒေါင်းညိုသတ်တာလို လွှဲချခဲ့တာ၊ ဗိုလ်နဂါးဘက်က ပြန်ရှင်းချိန်မှ ပုလဲမောင်ဟာ ပုစွန်ခြောက်၊ သရက်သီးနဲ့ ငရုတ်သီးစားပြီး သူ့အိမ်မြေအောင်ခန်းမှာ သွေးတိုးသေတာလို့ ဇော်ထက်က ထပ်မံလိမ်လည်ခဲ့ပါတယ်။ ဇော်ထက်တို့က အဲဒီလိုပြောပေမဲ့ ပုလဲမောင်ရဲ့ ညီမကတော့ “ကိုကိုက သွေးတိုးလည်းမရှိဘူး။ သွေးကျလည်းမရှိဘူး။ သူတို့ပြောတာက ကိုကိုက အဲဒီမြေအောက်ခန်းထဲ ဆင်းအိပ်တယ်တဲ့။ ဒါပေမဲ့ ကိုကိုက အသန့်ကြိုက်တယ်။ မြေအောက်ခန်းက ပြာတွေရှိတော့ အဲဒီမြေအောက်ခန်းထဲ ဆင်းအိပ်စရာအကြောင်းမရှိဘူး။ သူတို့ပြောသလို သွေးတိုးနဲ့သေတယ်ဆိုရင်တောင် ကိုကိုက လှေကားရဲ့ ဘေးမှာရှိရမယ်။ အခုက လှေကားအောက်ထဲရောက်နေတယ်”လို့ ပြောပါတယ်။ မိသားစုဘက်က ပုလဲမောင် သေဆုံးမှုအတွက် ဇော်ထက်မှာ တာဝန်ရှိတယ်လို ယူဆနေကြသလို ဇော်ထက်ဟာ ဗိုလ်နဂါးနဲ့ မတည့်တာ၊ ကနဦးမှာ ဗိုလ်နဂါးကို လွှဲချပြီးမှ သူ့အိမ်မြေအောက်ခန်းမှာ ညှင်းပန်းနှိပ်စက်ခံဒဏ်ရာတွေနဲ့ ပုလဲမောင် သေနေတာမိသွားမှ သွေးတိုးသေတာလို့ ထပ်မံလိမ်လည်တာကြောင့် ဇော်ထက်က ပုလဲမောင်ကို သတ်ပြီး ဗိုလ်နဂါးကို လွှဲချ၊ ဒေသတွင်းလက်နက်ကိုင်ပြိုင်ဘက်ကို NUG အားကိုးနဲ့ အမြစ်ဖြုတ်ဖို့ကြံရွယ်တာလို့လည်း ပုလဲ PDF အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
တကယ်တော့ ပုလဲမြို့နယ်ဟာ ဗိုလ်နဂါးနဲ့ ဇော်ထက်တို့ အပြိုင်အဆိုင် စားကျက်လုရာနေရာဖြစ်သလို နှစ်ဖက်စလုံးရဲ့ လှုပ်ရှားမှုကို တစ်ယောက်နဲ့ တစ်ယောက်က မြွေမြွေချင်းခြေမြင်ဆိုသလို ထောက်ထားချိန်မှာ ကိုဆာန်ကလည်း ဗိုလ်နဂါးဆီက ခွဲထွက်ပြီး STAR တပ်ကို ထောင်လာပြန်ပါသေးတယ်။ လက်ရှိမြေပြင်မှာဆိုရင်လည်း NUG ရဲ့ PDF တွေနဲ့ LPDF တွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စားမာန်ခုတ်နေကြပြီး NUG ကိုယ်တိုင်ကလည်း ပြည်ပအားလုံးထွက်ပြေး ခိုလှုံခွင့်တောင်းနေကြလို့ မြေပြင်မှာက PDF အဖွဲ့အချင်းချင်းတောင် ဩဇာမခံကြဘဲ လုယက်သတ်ဖြတ်မှုတွေကြုံနေရတာကြောင့် PDF တွေ လက်ခံထားမိတဲ့ရွာတွေဟာ ကိုယ်ကမွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ခံနေရသလို ကြုံနေရတာပါ။ NUG ကိုယ်တိုင်ကလည်း သူတို့သုံးဖို့ဆွဲဖို့ ပြည်ပအခြေချဖို့ မြေပြင်က ဒိုင်ခံရှာပေးနေတဲ့ PDF အဖွဲ့တွေရဲ့ လုပ်ရပ်ကို တစ်ခုမှ မကိုင်တွယ်ရဲဘဲ လွှတ်ပေးထားရတဲ့အခြေအနေဆိုတာ NUG ခေါင်းကိုင်ဖခင် ဦးအောင်ကြည်ညွန့်ရဲ့ သမီးနဲ့ သမက်ပါဝင်နေတဲ့ ဗိုလ်သံမဏိရဲ့ ယင်းမာပင် PDF အဖွဲ့ လူ ၂၀ ကျော် သတ်မှုကတည်းက သက်သေပြပြီးသားလည်းဖြစ်နေတာပါ။ လက်ရှိမှာလည်း ပုလဲမောင်ကို ဇော်ထက်သတ်တယ်ဆိုတာ ဖြစ်စဉ်မှာတင် မြင်သာနေပြီး မိသားစုကလည်း တောင်းဆိုနေပေမဲ့ NUG က အသံမထွက်ရဲတာလည်း တွေ့ရပြန်ပါတယ်။ ဒီလိုမျိုး ပါးစပ်ပိတ်ထားမှုတွေက အခုလိုမျိုး စစ်ဘုရင်ဝါဒခေါင်းထောင်နေချိန်မှာ NUG အတွက် လုပ်စားဖို့ခွင်ဖြစ်ပေမဲ့ နိုင်ငံ ငြိမ်းချမ်းစွာတိုးတက်လာတဲ့တစ်ချိန်မှာတော့ ဒီလိုစစ်ရာဇဝတ်မှုတွေကို NUG က တာဝန်ခံရမှာဖြစ်ပြီး အဲဒီအချိန်ကြရင်တော့ ဘယ်လိုဖြေရှင်းမလဲ။ ပါဂျောင်လူသတ်မှုလို အရိုးတွန်လာချိန်မှာ လူကြားရှေ့ထွက်ပြရဲပါဦးမလားဆိုတာ အများပြည်သူမြင်ပါလိမ့်မယ်။
◾ ထိုင်းရောက် PDF ထောက်ပို့သတ်လို့ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ မြန်မာအမျိုးသမီးအလောင်း
တော်လှန်ရေးအကြောင်းပြပြီး လိင်ပိုင်းဆိုင်ရာကျုးလွန်မှုမှာ နာမည်ကျော်တဲ့ NUG၊ PDF တွေနဲ့ ထောက်ပို့တွေကြားမှာ ရွှေအုန်းပင်ဆရာတော်ဦးကောဝိဒရဲ့ မယားနှစ်ယောက်အပြိုင်ဇာတ်ရှုပ်အပြင် ဇာတ်မင်းသမီးစန်းနီလာဝင်းကပါ သင်္ကန်းဝတ်ဦးကောဝိဒနဲ့ လိင်မှုဆိုင်ရာရှုပ်ထွေးမှုတွေ ထွက်ပေါ်လာတဲ့အပြင် လက်ရှိမှာလည်း ထိုင်းနိုင်ငံရောက် ထောက်ပို့တစ်ယောက်ဖြစ်တဲ့ အဆိုတော်၀ဠာ (ခ) ဇော်ဝင်းထွဋ်က သူ့ကို စင်ကာပူကနေ လာတွေ့တဲ့ ဇနီးသည် နန္ဒာ(ခ) ထက်ထက်ဇော်ကို လွန်ခဲ့တဲ့နှစ်လလောက်က အိမ်တွင်းအကြမ်းဖက် လက်သီးနဲ့ ထိုးနှက်တာကြောင့် ဒဏ်ရာအပြင်းအထန်ရချိန်မှာ ဆေးရုံပို့ရာက မနန္ဒာသေဆုံးသွားခဲ့သလို ၀ဠာကလည်း ထွက်ပြေးသွားတာကြောင့် မနန္ဒာရဲ့ အလောင်းဟာ ဒီနေ့အထိ ထိုင်းနိုင်ငံမှာ ပိုင်ရှင်မဲ့အလောင်းအဖြစ် အေးခဲခံထားရတဲ့ အခြေအနေဖြစ်နေတာပါ။
ဒီလိုဖြစ်ခဲ့တာကို ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးသတင်းထောက်တစ်ယောက်က ဖော်ထုတ်လိုက်ချိန်မှာ ၀ဠာဟာ အယ်စေးဝါး Lion Battalion စစ်ကြောင်းမှာ ဘုန်းကြီးဝတ်နဲ့ပုန်းနေပြီး ဖော်ထုတ်ခံရချိန်မှာ ထွက်ပြေးသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ လူသတ်တရားခံ ၀ဠာက အယ်စေးဝါးဆီမှာ လာအဖမ်းခံလိုက်တယ်ဆိုသလို ဒီလိုမျိုး PDF ထောက်ပို့တွေရဲ့ လိင်အရှုပ်တော်ပုံတွေ လူသတ်မှုတွေကို ဖော်ထုတ်မိတဲ့ မြန်မာအမျိုးသမီးသတင်းထောက်ကလည်း ခြိမ်းခြောက်မှုတွေ နာမည်ဖျက်မှုတွေ ရင်ဆိုင်နေရပြီး KNU/KNLA နဲ့ NUG /PDF တွေအားကောင်းပြီး လူတစ်ယောက်ကို ထိုင်းဘက်မှာ သတ်လိုက်၊ သောင်ရင်းမြစ်ဖြတ်ပြီး KNU နယ်ထဲခိုလိုက်လုပ်တတ်ကြတဲ့ မဲဆောက်မှာ ဆက်မနေရဲတော့လို့ တိမ်းရှောင်နေရတဲ့အဖြစ်ကို ရောက်လာပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေမှာ NUG/PDF တွေဟာ သူတို့လူ၊ ထောက်ပို့တွေကို မျက်နှာသာပေးတတ်တယ်ဆိုတာကလည်း ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခရဲ့ ငါးနှစ်အရွယ် သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်သူ NLD ပါတီအတွင်းရေးမှူး အောင်မင်းကို NUG နဲ့ PDF တွေက မဲဆောက်အထိ ဝင် ဖမ်းပြီးမှ ပြန်လွှတ်ပေးလိုက်တဲ့ ဖြစ်စဉ်ကတည်းက မြင်သာခဲ့သလို အခုလည်း ဒီဖြစ်စဉ်အပေါ် NUG နဲ့ ဖမ်းဆီးထားတယ်ဆိုတဲ့ အယ်စေးဝါးတို့ ပါးစပ်ပိတ်ထားဆဲဖြစ်ပြီး ရှေ့အမှုတွေလိုပဲ တရားခံရော အမှုပါ အမေ့ခံ ပျောက်သွားမဲ့ အခြေအနေလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။
◾ လွတ်လပ်တဲ့နိုင်ငံတစ်ခုလို ပြုမူနေတဲ့ MNDAA အပေါ် စိန်ခေါ်မှု
ရှမ်းပြည်မြောက်ပိုင်းမှာ ကိုးကန့်လက်နက်ကိုင် MNDAA အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလတွေအတွင်း ပြစ်မှုကျူးလွန်သူ ၇ ဦးကို သေဒဏ်စီရင်ခဲ့မှုအပေါ် ဥပဒေအထောက် အကူပြုကွန်ရက်က မေးခွန်းထုတ်လာခဲ့ပြီး သူမေးတာတွေ ရှင်းလင်းစွာ ဖြေနိုင်ရင် MNDAA ဘက်က ခုခံပေးမှာဖြစ်ပေမဲ့ ရှင်းလင်းစွာမဖြေနိုင်ရင်တော့ MNDAA သေဒဏ်ပေးလို့ သေဆုံးသူ တစ်ဦးစီတိုင်းကို အမေရိကန် ဒေါ်လာ ၁ သိန်းစီ လျော်ဖို့ စိန်ခေါ်တောင်းဆိုလိုက်ပါတယ်။ ဒီစိန်ခေါ်မှုတွေကိုတော့ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်ပြီး ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းအုပ်လည်းဖြစ်တဲ့အပြင် ဥပဒေအထောက်အကူပြု ကွန်ရက်တည်ထောင်တဲ့ NUG အမာခံ ဦးအောင်ထူးက အိတ်ဖွင့် ရှင်းလင်းမေးမြန်းစာအဖြစ် MNDAA ထံ ဇွန်လ ၇ ရက် ရက်စွဲနဲ့ စိန်ခေါ် ပေးပို့ခဲ့တာ ဖြစ်ပြီး MNDAA က ဧပြီ ၂၄ ရက်မှာ လူ ၃ ဦးသေဒဏ်ပေးတာနဲ့ မေလ ၂ ရက်မှာ လူ ၄ ဦး သေဒဏ်စီရင်တဲ့အပြင် မေလ ၂၂ ရက်မှာလည်း သေဒဏ်ဆက်လက်စီရင်မယ်ထုတ်ခဲ့တာတွေနဲ့ ပတ်သက်လို့ MNDAA ဟာ ကျော်မင်းယု (ခ) ဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်၊ အောင်သူရဇော်တို့ကို သေဒဏ်ပေးတဲ့ SAC လိုမျိုးလုပ်တာကို အံ့ဩတုန်လှုပ်မိတယ်လို့လည်း ပြောထားပါသေးတယ်။
ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ မဟုတ်ဘဲ သံသယနဲ့ မှားယွင်းစွာ သေဒဏ်စီရင်မှုတွေ ကမ္ဘာပေါ်မှာ များစွာရှိခဲ့တာကြောင့် နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှာ သေဒဏ်ကို လုံးဝ ဖျက်သိမ်းလိုက်သလို သေဒဏ်ဆက်ထားပေမဲ့ အမှန်တကယ်မကျင့်သုံးတဲ့နိုင်ငံ ၂၃ နိုင်ငံရှိနေချိန်မှာ MNDAA ရဲ့ ကိုးကန့်ဒေသဟာ အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံထဲက ရှမ်းပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်လို့ နယ်မြေထိန်းချုပ်နိုင်ရုံနဲ့ လွတ်လပ်တဲ့နိုင်ငံတစ်ခုလို လုံး၀မလုပ်သင့်ဘူးလို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် MNDAA အနေနဲ့ အခုလို သေဒဏ်စီရင်ခဲ့မှုအပေါ် ဥပဒေအထောက်အကူပြုကွန်ရက်က သေဒဏ်စီရင်ခံရသူတွေဟာ တကယ့်ကို လုပ်ထုံးလုပ်နည်းအရ တရားမျှတခဲ့ရဲ့လားဆိုတာကို ခေါင်းစဥ် ၈ ခုနဲ့ ဥပဒေကြောင်းဆိုင်ရာ မေးခွန်း အများအပြားကို မေးမြန်းထားပြီး ဒီမေးခွန်းတွေ ကို ရှင်းလင်းစွာ ဖြေကြားနိုင်ရင် MNDAA ဘက်ကနေ ခုခံ ကာကွယ်ပေးမယ်လို့ စိန်ခေါ်ထားသလို မေးခွန်းတွေကို ရှင်းလင်းစွာ မဖြေနိုင်ရင်တော့ MNDAA သတ်လို့ သေဆုံးသူ တစ်ဦးချင်းစီကို အမေရိကန် ဒေါ်လာ ၁ သိန်းစီ လျော်ကြေးပေးဖို့ တောင်းဆိုထားပြီး ဒီစိန်ခေါ်တောင်းဆိုမှုကိုတော့ MNDAA ရဲ့ တုံ့ပြန်မှု ဒီနေ့အထိ ထွက်မလာသေးတာလည်း တွေ့ရပါတယ်။
တရုတ်နွယ်ဖွားပြီး တရုတ်ဘက်မှာ အဓိကနေထိုင်တဲ့ MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ မြို့တချို့ ခြေကုပ်ယူသွားနိုင်ခဲ့ချိန်မှာ လွတ်လပ်တဲ့နိုင်ငံတစ်ခုလိုဆိုတာထက် စစ်ဘုရင်တစ်ပါးလို လုပ်ဆောင်လာပြီး ဗမာတွေနှင်ထုတ်တာ၊ ဗမာတွေနေထိုင်ရာ နေရာဖျက်ဆီးတာ၊ အဝင်မခံတာမျိုးကိုလည်း လုပ်ဆောင်နေလို့ အဝေဖန်ခံနေရတာပါ။ ဒီလိုမျိုး ခြေကုပ်ယူထားရာနေရာလေးတွေကို ကိုင်စွဲပြီး မိခင်ရှမ်းပြည်မကိုလည်း အလေးမထား၊ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းလည်း အထာမထားဘဲ ဘယ်သူ့မှ ဂရုမစိုက်တဲ့ပုံစံ မထီမဲ့မြင်လုပ်နေတာမို့လို့ ဥပဒေပြုအထောက်အကူကွန်ရက်ကိုလည်း အဖက်လုပ်တုံ့ပြန်တာမျိုး မရှိတဲ့ပုံစံပါ။ ဒီလိုမျိုး ရှမ်းပြည်နယ်ထဲက ဒေသသေးသေးလေးတစ်ခုဟာ ကိုယ်ပိုင်နိုင်ငံအဖြစ် ခွဲထွက်ရင်လည်း ဝိုင်းအတိုက်ခံရမှာဖြစ်သလို ပြည်နယ်အဆင့်ဖြစ်ချင်တယ်ဆိုရင်လည်း ရှမ်းပြည်လူထုလက်ခံမှ၊ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆုံးဖြတ်ပြီးမှ ရရှိမှာပါ။ ဒါကိုပဲ လက်နက်အားကိုးနဲ့ စစ်ဘုရင်တွေလို ဆက်ပြီး ထင်ရာစိုင်းလာမယ်ဆိုရင်တော့ ဘယ်လို ဒီမိုကရေစီအစိုးရ၊ ဘယ်လိုရွေးကောက်ခံအစိုးရ၊ ဘယ်လို ဖက်ဒရယ်အစိုးရ တက်လာတက်လာ အမြစ်ဖြုတ် ထပ်အတိုက်ခံရမှာ အသေအချာပါလို့ သတိပေးရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။