October 24, 2024

၁၇. ၆. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း၌ ရောင်းချရမည့် သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းအား ကျပ် ၄,၅၈၈,၂၁၆ အထိ ထပ်မံလျှော့ချ သတ်မှတ်ခဲ့ပြီး ယင်းဈေးနှုန်းအတိုင်းသာ ရောင်းချရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါရွှေဈေးနှုန်းအတိုင်း ပြည်တွင်းရှိရွှေဆိုင်များအားလုံး ရောင်းချရမည်ဖြစ်ပြီး ရွှေဈေးနှုန်းဆွဲတင် ဈေးကစားမှုကြောင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့်ဆိုင်များတွင်ပါဝင်ခဲ့သော နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အကယ်ဒမီ၊ အောင်သမာဓိ ၊ ဇွဲထက်၊ ဝိန့်စိန်ရွှေဆိုင်တို့တွင်လည်း သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းဖြင့် ရောင်းချ‌ပေးနေကြောင်း YGEA က ထုတ်ပြန်ထားသည်။

ဝိသမလောဘသမားများ ရွှေဈေးနှုန်းဆွဲမတင်မီအချိန်အထိ သတ်မှတ်ရည်ညွှန်းရွှေဈေးသည် ကျပ် ၃,၉၉၉,၀၀၀ ဝန်းကျင်သာ သတ်မှတ်ခဲ့ပြီး ဈေးကစားဆွဲတင်မှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၅၈ သိန်းကျော်အထိ ဖြစ်ပေါ်ချိန်တွင် ကျပ် ၄၁ သိန်းကျော်အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဈေးကစားသူများကို အရေးယူပြီး ရွှေဈေးနှုန်း ပြန်ကျဆင်းချိန်တွင် ကျပ် ၄,၈၇၀,၀၀၀ ကျော်အထိ သတ်မှတ်ခဲ့သည်။

ထို့ကြောင့် YGEA ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား SAC က ရွှေဈေးနှုန်းတွက်ချက်မှုများအား ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်မှစတင်၍ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၆ သိန်းခွဲကျော်သို့ ပြန်လည်ကျဆင်းခဲ့ပြီး ယနေ့တွင် ကျပ် ၄,၅၈၈,၂၁၆ အထိ ထပ်မံလျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ဒေါ်လာ ၂၃၂၀ ဝန်းကျင်မှာပင် ရှိနေသော်လည်း ရွှေဈေးဆွဲတင်ကစား၍ ဈေးနှုန်းမြင့်တက်ချိန်က တိုးမြှင့်သတ်မှတ်ခဲ့သည့် ကျပ် ၄၁ သိန်းကျော်အထိ ပြန်လည်ကျဆင်းလာခြင်းမရှိသေးသည့်အပြင် ပြင်ပဈေးကွက်၌ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၄ သိန်းခွဲနီးပါး ဖြစ်ပေါ်နေသည်။

ယခုရက်ပိုင်းအတွင်း YGEA ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းများမှာ ဇွန်လ ၃ ရက်အထိ ကျပ် ၄၁ သိန်းကျော် သတ်မှတ်ထားသည့် ရွှေဈေးအား ဇွန်လ ၄ ရက်မှ ဇွန်လ ၉ ရက်အထိ ကျပ် ၄,၈၇၀,၀၀၀ ကျော်မှ ကျပ် ၄,၇၉၀,၀၀၀ ကြား တိုးမြှင့်သတ်မှတ်ခဲ့သည်။ ဇွန်လ ၁၀ ရက်တွင် ၄,၆၅၅,၀၄၇ ကျပ်၊ ဇွန်လ ၁၁ ရက်တွင် ၄,၆၈၂,၉၈၁ ကျပ်၊ ဇွန်လ ၁၂ ရက်တွင် ၄,၆၅၈,၆၄၁ ကျပ်၊ ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ၄,၆၂၉,၅၅၁ ကျပ် ဖြစ်ပေါ်ခဲ့သည်။

ရွှေဈေးကစားသူ ဝိသမလောဘသမားများကို အရေးယူခဲ့ပြီးနောက် ပြင်ပရွှေဈေးကွက်တွင် ကျပ် ၅၈ သိန်းကျော်အထိ ဖြစ်နေသည့် ရွှေဈေး ကျပ် ၄,၈၇၀,၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့ပြီး YGEA တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးနေသော ဇွန်လ ၆ ရက်မှ ဇွန်လ ၁၀ ရက်အထိ ဈေးနှုန်းဖွင့်လှစ်ခဲ့ခြင်းမရှိဘဲ ဇွန်လ ၁၁ ရက်တွင် ကျပ် ၅,၃၃၅,၀၀၀၊ ဇွန်လ ၁၂ ရက်တွင် ကျပ် ၅,၃၆၀,၀၀၀ ၊ ဇွန်လ ၁၃ ရက်တွင် ကျပ် ၅,၄၀၀,၀၀၀၊ ဇွန်လ ၁၄ ရက်တွင် ကျပ် ၅,၄၅၀,၀၀၀၊ ဇွန်လ ၁၅ ရက်တွင် ကျပ် ၅,၄၆၀,၀၀၀၊ ဇွန်လ ၁၆ ရက်တွင် ကျပ် ၅,၄၆၀,၀၀ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *