၁၇.၆.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ရှိ နေအိမ်တစ်လုံးတွင် အသက် ၁ နှစ် ၇ လအရွယ်ကတည်းက မြေးဖြစ်သူကလေးငယ်ကို အသက် ၃ နှစ် ၇ လရောက်သည်အထိ ၂ နှစ်ကြာအောင် အဓမ္မပြုကျင့်သည့် အဘိုးဖြစ်သူအား ပရဟိတအဖွဲ့ ၃ ဖွဲ့ ပူးပေါင်းကာ ဇွန်လ ၁၃ ရက်နေ့က ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ကြောင်း ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။
မိခင်နှင့်ဖခင်မှာ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသဖြင့် အဘိုးအဘွားနှင့်အတူ နေထိုင်နေရသော အသက် ၁ နှစ် ၇ လအရွယ် မြေးမိန်းကလေးကို အဘိုးဖြစ်သူက ၃ ရက်ခြား ၄ ရက်ခြား အကြိမ်ကြိမ် သက်ငယ်မုဒိမ်းပြုကျင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဘွားကို မြေးဖြစ်သူက ပြောပြသော်လည်း အဘိုးဖြစ်သူက ခြိမ်းခြောက်ခံရသဖြင့် တိုင်ကြားခွင့်မရကြောင်း သိရသည်။
ဇွန်လ ၁၃ ရက်နေ့ကမူ မြေးဖြစ်သူက ဘောင်းဘီချွတ်ကာ ဗိုက်နာသည်ဟုပြောသဖြင့် အဘွားဖြစ်သူက ကြည့်ရှုရာမှ မိန်းမကိုယ်မှာ အလွန်အမင်း ယောင်ကိုင်းနေသဖြင့် အဘွားဖြစ်သူက အသင်းထံ အကူအညီတောင်းခံခဲ့သည်။
ယင်းနောက်ကလေးကို ဆေးရုံတွင် ဆေးစစ်ရာ အဓမ္မပြုကျင့်ခံရထားရသည့် လက္ခဏာ တွေ့ရှိသဖြင့် မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်း၊ လက်ဖက်ညွန့်လူမှုကူညီရေးအသင်း၊HMS လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြီး ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့က အသက် ၄၄နှစ်အရွယ် အဘိုးဖြစ်သူကို လာရောက်ဖမ်းဆီးခဲ့ကြောင်း မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကလေးကို ဆေးစစ်တော့ ဗိုက်ထဲအထိအောင် ထိထားတယ်။ ဆေးရုံက ပိုးသတ်ဆေးတွေတော့ ပေးထားတယ်။ လူမဆန်ဘူးဗျာ”ဟု မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဓမ္မပြုကျင့်ခံရသူကလေးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေပြီး အဘွားကိုသာ အနားအကပ်ခံကာ သူစိမ်းများကို ကြောက်လန့်ခြင်း၊ အနားအကပ်မခံခြင်း၊ စစ်ဆေးရာတွင်လည်း သူစိမ်းကိုကြောက်သဖြင့် အဘွားဖြစ်သူကို ထုရိုက်ခြင်း၊ ဆံပင်များကို ဆောင့်ဆွဲခြင်းများ ပြုလုပ်ကြောင်း ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။
အရွယ်မရောက်သေးသော ကလေးငယ်သူငယ်များ အဓမ္မပြုကျင့်မှု မဖြစ်ပွားစေရေးအတွက် ကလေးသူငယ်များကို မည်သူကိုမှ ယုံစားပြီး မအပ်နှံရန်နှင့် သတိထားရန်လိုအပ်ကြောင်း မူဆယ်မြို့နေထိုင်သူ တစ်ဦး အကြံပြုသလိုအဓမ္မပြုကျင့်သည့်အဘိုးကို မူဆယ်မြို့မရဲစခန်းက ဖမ်းဆီးကာ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။