October 24, 2024

၁၇.၆.၂၀၂၄
Translated by Htwe Ko Tun

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ပိုင်နက်အငြင်းပွားမှုဖြစ်ပွားနေသည့် Spratly ကျွန်းများအနီးတွင် တရုတ်သင်္ဘောတစ်စီးနှင့် ဖိလစ်ပိုင်သင်္ဘောတစ်စီးတို့ ဇွန်လ ၁၇ ရက်နံနက်က တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း၊ ဖိလစ်ပိုင်သင်္ဘောက Second Thomas သောင်အနီးသို့ ဥပဒေနှင့်မညီဝင်ရောက်လာကာ တရုတ်သင်္ဘောအနီးသို့ ကြောက်မက်ဖွယ်ကောင်းအောင်ပင် ချဉ်းကပ်လာခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်အဖွဲ့ကပြောခဲ့သည်။

ဒေသတွင်း နိုင်ငံအများအပြားနှင့်ထိစပ်နေပြီး နှစ်စဉ်ရေကြောင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံး ထရီလျံကျော်ဖိုး ရေကြောင်းသွားလာမှုလမ်းကြောင်းများ ဖြတ်သန်းရာလည်းဖြစ်သည့် တောင်တရုတ်ပင်လယ်တစ်ခုလုံးကို တရုတ်အစိုးရက ၎င်း၏ပိုင်နက်အဖြစ် ပြောကြားထားသည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ်နှင့်ထိစပ်နေသော ဒေသတွင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မ လေးရှားနှင့် ဘရူနိုင်းနိုင်ငံများနှင့် အငြင်းပွားမှုများဖြစ်နေရသည်။

တရုတ်အစိုးရက ၎င်း၏ရေတပ်သင်္ဘောများစွာကို တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်ချထားခဲ့ကာ ပင်လယ်ပြင်အတွင်း ကျောက်တန်းများစွာကို လူလုပ်ကျွန်းများအဖြစ် ပြောင်းလဲဖန်တီးခဲ့သည်။ ထို့ကြောင့်လည်း တရုတ်နှင့် ဖိလစ်ပိုင်တို့၏ သင်္ဘောများအကြား အငြင်းပွားနေသောရေပြင်တွင် မကြာခဏ ဆိုသလို ထိပ်တိုက်တွေ့မှုများဖြစ်ခဲ့သည်။

တရုတ်က ၎င်း၏ကမ်းခြေစောင့် စည်းမျဉ်းအသစ်များကို ဇွန်လ ၁၅ ရက်မှစ၍ တရားဝင်တည်ရှိကြောင်းလည်းကြေညာခဲ့သည်။ ထိုစည်းမျဉ်းများက တရုတ်၏ ၂၀၂၁ ခုနှစ် ဥပဒေကို ထပ်မံအားဖြည့်တင်းလိုက်ခြင်းဖြစ်ပြီး အငြင်းပွားရေပြင်သို့ဝင်ရောက်လာသော နိုင်ငံခြားသင်္ဘောများကို ၎င်း၏ကမ်းခြေစောင့်တပ်က အင်အားသုံး တိုက်ခိုက်သွားမည့်အခွင့်အာဏာကို တရုတ်အစိုးရက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထိုစည်းမျဉ်းများအရ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က အငြင်းပွားရေပြင်၌ ကျူးကျော်ဝင်ရောက်လာသော သံသယဖြစ်ဖွယ် နိုင်ငံခြားသင်္ဘောများကို ဖမ်းဆီးကာ တရားရုံးခွင့်ပြုချက်မလိုဘဲ ရက် ၆၀ ဖမ်းဆီးချုပ်နှောင်ထားခွင့်ကိုပါရရှိထားမည်ဖြစ်သည်။

ယခုဖြစ်ရပ်တွင်လည်း ဖိလစ်ပိုင်သင်္ဘောက တရုတ်ဘက်မှ ပုံမှန်သတိပေးချက်များစွာပြုလုပ်နေမှုကို လျစ်လျူရှုကာ ဝင်ရောက်လာခဲ့ခြင်းဟု တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောခဲ့သည်။ ၎င်းတို့အနေဖြင့် ဖိလစ်ပိုင်သင်္ဘောကို ဥပဒေအရသတိပေးမှုများပြုခဲ့ကြောင်း၊ သို့သော်အလေးမထားဘဲ ချဉ်းကပ်လာမှုကြောင့် သင်္ဘောချင်းတိုက်ခဲ့ရကြောင်းဆက်လက်ပြောခဲ့သည်။

ဖိလစ်ပိုင်အစိုးရကလည်း ဤဖြစ်ရပ်တွင် တရုတ်သင်္ဘောကရိုင်းစိုင်း၍လူမဆန်သောအပြုအမူများကို ပြုလုပ်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

Ref- The Times of India

Leave a Reply

Your email address will not be published. Required fields are marked *