October 24, 2024

၁၇.၆.၂၀၂၄
Written by Hey Mar

ပြည်တွင်းစားသုံးဆီ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၅၃၇၀ သတ်မှတ်ထားပေမယ့် ကိုယ်စားလှယ်နဲ့ လက်ခွဲဒိုင်တွေဆီမှာတော့ ၅၇၀၀ ကျပ်နဲ့ ရောင်းချကာ ဈေးကွက်မှာ ဆီအချိန်အတွယ်မပြည့်တာမျိုးတွေလည်း ရှိနေပေမယ့် ဆီအခက်အခဲမရှိ ရရှိနေတာကိုပဲ ရပ်ကွက်နေပြည်သူတွေက နားလည်လက်ခံကျေနပ်ပေးနေကြတာကို MT News က အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်က ဒေသခံတချို့ဆီကနေ ကြားသိရပါတယ်။

စည်ပင်သာယာလက်အောက်က ရပ်ကွက်ဈေးတချို့မှာ ဈေးထိပ်အဝင်ဝကနေ စည်ပင်ဝန်ထမ်းက ဆီထုတ်ခွင့်ကတ်ဝေတာ၊ ရပ်ကွက်နေပြည်သူတွေဆီ ၂ ရက်ခြား ၃ ရက်ခြားတစ်ခါ အိမ်တိုင်ရာရောက် ဆီ ၅၀ ကျပ်သား ထုတ်ခွင့်ကတ်တွေ လိုက်လံ ဝေငှပေးတာတွေ ပြုလုပ်ပေးနေတယ်လို့လည်း ရွှေပြည်သာမြို့နယ် လှော်ကားရပ်ကွက်မှာနေထိုင်ပြီး မုန့်ဟင်းခါးဆိုင်ဖွင့်လှစ်ရောင်းချသူ မနှင်းလှက ဆိုပါတယ်။

သူက “အမကတော့ ဆိုင်ဆိုတော့ နေ့စဉ်ဆီလိုတယ်။ ပိဿာနဲ့ချီသုံးရတာမို့ ကိုယ်စားလှယ်က သိနေပြီ။ နေ့စဉ် ဝယ်ယူခွင့်ရအောင် သူ့ဘက်ကလုပ်ပေးတယ်။ တစ်ပိဿာဆိုပေမယ့် တစ်ဆယ်ကျပ်သား ၁၅ ကျပ်သားလောက်တော့ လျော့တာပဲ။ ဈေးလည်း နှစ်ရာ သုံးရာတော့ ပိုတာပေါ့။ ကြည့်မနေတော့ဘူးလေ။ အရင်လိုဆိုရင်တော့ ဘယ်လက်ခံမလဲ ဒါမျိုးလုပ်တာ။ အခုက အခက်အခဲမရှိ ရနေတာကကိုပဲ ကျန်တာတွေက မပြောပလောက်သလို ဖြစ်သွားတာ“လို့ သူကြုံတွေ့ရတဲ့ စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်ရပ်တွေကိုပဲ ကျေးဇူးတင်စရာ အခြေအနေလို ပြန်လည်ပြောပြပါတယ်။

ဆီကိုယ်စားလှယ်ဆိုင်ကြီးတွေကတစ်ဆင့် လက်လွှဲပြန်လည်ဝယ်ယူရောင်းချတဲ့ ရပ်ကွက်ဈေးဆိုင်တွေမှာလည်း ရည်ညွန်းဈေးအတိုင်း ဆီခွဲတမ်း တစ်အိမ်ထောင်ကို ငါးဆယ်သားရောင်းချပေးပေမယ့် ပြန်အမ်းငွေ ပြန်မရဘဲ အကြွေအစားထိုးကုန်စည် မလိုအပ်တာတွေ အမြဲဝယ်ယူလာရတယ်လို့ အင်းစိန်မြို့နယ် ထနီးရပ်ကွက်မှာနေထိုင်သူ အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။

အဆိုပါအိမ်ရှင်မက “ဆီငါးဆယ်ကျပ်သား ၂၆၅၀ ကျပ်ဆိုရင် ၂၇၀၀ ယူပြီးသားကိုမှ သုံးထောင်ပေးရင် ကျန်ငွေသုံးရာကို ခြင်ဆေးခွေနဲ့ တွဲတာတို့၊ လက်ဖက်ထုပ်နဲ့ တွဲတာတို့ ဆေးလိပ်၊ သံပုရာသီးစုံနေတာပဲ။ ယူလာပေးရတယ်။ အတိအကျပေးသွားရင်လည်း မကြည်ဘူး။ ဆီမရှိဘူးတို့ ဘာတို့နဲ့ ပြန်ညစ်တော့ သူ့ဘက်က ဆီမရှိဘူးဆို ငြင်းရင် ကိုယ်က ဘာမှမတတ်နိုင်ဘူး။ ဈေးကွက်ထဲက ဆီတွေ ဝယ်မစားနိုင်တော့ဘူး” လို့ MT News ကို ပြောပါတယ်။

အဆိုပါ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၅၃၇၀ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းဈေးကွက်မှာ ရောင်း ဝယ်ဖောက်ကားရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးတာလို့ ဆိုပါတယ်။ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၅၃၇၀ လို့ သတ်မှတ်ကြေညာထားတာပါ။

ဒါ့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါ အဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *