October 24, 2024

၁၇.၆.၂၀၂၄
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူဆေးရုံကြီးမှာ မွေးကင်းစကလေးမိခင်တစ်ဦးက ဆေးသွားဝယ်ချင်လို့ လူနာစောင့် မရှိတာကြောင့် ကလေးခဏကြည့်ပေးပါဆိုကာ တာဝန်ကျဆရာမကို ကလေးအပ်နှံပြီး ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ကတည်းက ထွက်သွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကလေးချက်ကြိုးချည်ထားတဲ့ပုံစံက အပ်ချည်ကြိုးနဲ့ချည်ထားတာဖြစ်လို့ ဆေးရုံမှာမွေးတဲ့ကလေး မဟုတ်ဘဲ အရပ်လက်သည်နဲ့မွေးတဲ့ ကလေးလို့သိရပြီး အခု ဇွန်လ ၁၇ ရက်နေ့အထိ မိခင်ဖြစ်သူ ပြန်မလာတဲ့အတွက် တောင်ငူအခြေစိုက်ပရဟိတ အသင်းတစ်သင်းဖြစ်တဲ့ Save The Rescue Tree Team က ကလေးကို ကူညီစောင့်ရှောက်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ် ။

Save The Recuse Tree Team မှ တာဝန်ရှိသူ ကိုကျော်သူရက “လောလောဆယ် ကလေးကျန်းမာရေးစစ်ဆေးဖို့နဲ့ ကလေးမိခင် တခြားအကြောင်းတစ်စုံတစ်ရာရှိလို့ မလာနိုင်တာဆိုရင်လည်းစောင့်ပေးဖို့ ဆေးရုံမှာ ရက်ပိုင်းလောက်ထားပါမယ်။ ကလေးက မိန်းကလေးပါ။ ကျန်းမာပါတယ်။ ကလေးမိခင်အနေနဲ့ တောင်ငူဆေးရုံကြီး သို့မဟုတ် Save The Trees Rescue Team သို့ ဆက်သွယ်အကြောင်းကြားပေးစေလိုပါတယ်။ ရက်ပိုင်းစောင့်ကြည့်ပြီးမလာပါက ကျွန်တော်တို့အသင်းမှ တာဝန်ယူစောင့်ရှောက်ပေးသွားပါ့မယ်။ မွေးကင်းစဆိုတော့ အများကြီးစဉ်းစားပြီး စောင့်ရှောက်ရမှာပါ။ နို့မှုန့်ဘူးတိုက်ရမှာဆိုတော့ သန့်ရှင်းမှုနဲ့ ဂရုစိုက်မှုအများကြီးလိုပါတယ်” လို့ MT News ကစုံစမ်းမေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

လတ်တလောမှာတော့ ကလေးကို Save The Trees Rescue Team က စောင့်ရှောက်ထားမှာဖြစ်ပြီး သင့်တော်တဲ့ မိဘမဲ့ဂေဟာ တစ်ခုခုကို နောက်ပိုင်းမှာ ချိတ်ဆက်ပို့ဆောင်သွားမယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *