MT News
Written by Nay Aung
အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအဆုံးသတ်ရန်နှင့် အကြပ်အတည်းမှ ငြိမ်းချမ်းစွာ ပြန်လည်သင့်မြတ်ရေးကို ရှာဖွေရန် အာဆီယံအပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်ဆောင်ရွက်သွားရန် သံန္နိဋ္ဌာန်ချထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာ့အရေးနှင့်ပတ်သတ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ကာအတည်ပြုခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သတ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့် အဆိုပါဆုံးဖြတ်ချက်သည် အကြပ်အတည်းကို ဖြေရှင်းရန်နှင့် အရပ်သားပြည်သူများကို ဖိနှိပ်ချုပ်ခြယ်မှုနှင့်အကြမ်းဖက်မှုများတိုးမြှင့်ဆောင်ရွက်လာခြင်းကို အဆုံးသတ်ရန် လုံခြုံရေးကောင်စီ၏ အရေးပါသောခြေလှမ်းတစ်ခုဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကဆိုသည်။
ထို့အပြင် နိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသားများကို ပြန်လွှတ်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အကန့်အသတ်အထိန်းအချုပ်မရှိ ခွင့်ပြုရန်၊ လူနည်းစုအသိုက်အဝန်းများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြန်မာပြည်သူများ၏ ဆန္ဒနှင့် ဒီမိုကရေစီလိုလားတောင့်တမှုကို လေးစားရန် နိုင်ငံတကာအသိုက်အဝန်းက အလေးအနက်ပေးပို့သည့် သတင်းစကားဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဆုံးဖြတ်ချက်ကို ချီးကျူးသော်လည်း မြန်မာနိုင်ငံတွင်းမှ အကြပ်အတည်းအတွက် တရားမျှတသည့်ဖြေရှင်းမှုတစ်ခုပေါ်ပေါက်လာစေရန် လုံခြုံရေးကောင်စီက ဆက်လက်ဆောင်ရွက်နိုင်သည့်အရာများစွာ ကျန်ရှိနေသေးကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ယခုအခွင့်အရေးကိုအသုံးချပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန် အခြားနည်းလမ်းသစ်များရှာဖွေရေး၊ လက်ရှိဖြစ်ပွားခဲ့သည်များအတွက် တာဝန်ယူမှု တာဝန်ခံမှု ပိုမိုရှိလာစေရေးနှင့် ဘုံသဘောတူညီချက် (၅)ရပ်ကို ထိထိရောက်ရောက်အကောင်အထည်ဖော်ရန် အားထုတ်လျက်ရှိသည့် အာဆီယံအဖွဲ့အစည်းကို အားပေးထောက်ခံရေးတို့ကို ဆောင်ရွက်သင့်ကြောင်း ဘလင်ကန်က တိုက်တွန်းထားသည်။
Ref; State department