◾ ထုတ်ဖော်ရေးသားသူ သတင်းထောက် တိမ်းရှောင်နေရ
၁၇. ၆. ၂၀၂၄
Written by Thiri
ဇနီးကို သေဆုံးအောင် ထိုးကြိတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံအအေးခန်းထဲ စွန့်ပစ်အေးခဲအလောင်းအဖြစ်ထားခဲ့တဲ့ ကျူးလွန်သူက Lion Battalion စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါး တို့ဆီမှာ ဘုန်းကြီးဝတ်ပြီး ပုန်းခိုနေရာကနေ ဗိုလ်အယ်စေးဝါးတို့က ဖြစ်စဥ် သိရှိရှာဖွေတဲ့အခါ တိမ်းရှောင်သွားပြီး မနေ့က ဇွန်လ ၁၅ ရက် ညနေပိုင်းကတော့ ကိုယ်တိုင်လာရောက်အဖမ်းခံကြောင်း ကူညီဆောင်ရွက်ပေးနေတဲ့ တပ်ဖွဲ့ထံက အတည်ပြုချက်ရတယ်လို့ အဆိုပါ သတင်းနဲ့ပတ်သက်ပြီး ဖော်ထုတ်ရေးသားခဲ့သူ မြန်မာအမျိုးသမီးသတင်းထောက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးထားပါတယ်။
“-တရားခံဖမ်းဆီးထားပါပြီ။ – မနေ့က ညနေပိုင်းက လူသတ်မှုကျူးလွန်တဲ့ တရားခံက သူကိုယ်တိုင်လာရောက်ပြီး အဖမ်းခံတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ တပ်ဖွဲ့ဆီက အတည်ပြုပြောကြားပေးပါတယ်။ သူအပြစ်တွေလာရောက်ဝန်ခံတယ်လို့ ပြောပါတယ်။ တာဝန်ရှိသူတွေကဆက်လက်ပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ – သေဆုံးသူမိသားစုဘက်ကလည်း အလောင်းလာထုတ်ဖို့ လမ်းကြောင်းအခြေအနေအရရော အခက်အခဲတချို့ကြောင့် အဆင်မပြေနိုင်ဘူးလို့ပြောဆိုပါတယ်။ အလောင်ထုတ်ယူဖို့နဲ့ သဂြိုဟ်ဖို့ ဆက်ပြီးဆောင်ရွက်ရပါဦးမယ်(သတ်ပုံ-မူရင်း)” လို့ ရေးသားထားပြီး၊ အဲ့ဒီ့ပို့စ်တက်လာပြီး နောက်ထပ် ၅ နာရီ အကြာမှာတော့ သတင်းထောက်က သူထွက်ပြေးနေရပြီဆိုတဲ့ ပိုစ့်တစ်ခုလည်း ထပ်တက်လာတာပါ။
မနန္ဒာ (ခ)မထက်ထက်ဇော်ကို ဝဠာ (ခ) ဇော်ဝင်းထွဋ်က အိမ်တွင်းအကြမ်းဖက်သတ်ဖြတ်လိုက်ပြီးနောက်မှာ ဒီဖြစ်စဥ်ဖော်ထုတ်တာ မကြိုက်တဲ့ PDF တွေ၊ ထောက်ပို့တွေနဲ့ NUG ထောက်ခံတဲ့အသိုင်းအဝိုင်းတွေက ခြိမ်းခြောက်မှုရှိသလို ဖြစ်စဥ်ဖြစ်ပွားရာ မဲဆောက်ကလည်း KNU / KNLA၊ NUG ၊ PDF နဲ့ ထောက်ပို့တွေအဓိကခိုလှုံရာဖြစ်ပြီးလူတစ်ယောက်ကိုအလွယ်တကူလက်စဖျောက်တတ်ကြလို့သူ့လုံခြုံရေးစိုးရိမ်ပြီးထွက်ပြေးတာလို့လည်း မဲဆောက်ရောက် NGO ဝန်ထမ်းတစ်ဦးက MT News ကို ပြောပါတယ်။
ဒီဖြစ်စဥ်က တော်လှန်ရေးမှာပါဝင်နေတဲ့ ခင်ပွန်းဖြစ်သူရှိရာ ထိုင်းနိုင်ငံမဲဆောက်မြို့ဆီ စင်ကာပူကနေ လာရောက်တွေ့ဆုံတဲ့ ဇနီးသည်မနန္ဒာ (ခ) မထက်ထက်ဇော်ကို အိမ်တွင်းအကြမ်းဖက် လက်သီးနဲ့ ထိုးသတ်လို့ ဇနီးသည်ဦးနှောက်သွေးယိုကာသေဆုံးခဲ့ပြီး အလောင်းကို မဲဆောက်ဆေးရုံ အအေးခန်းထဲ ပိုင်ရှင်မဲ့အဖြစ် စွန့်ပစ်ခံရတဲ့ ဖြစ်စဥ်က ကျူးလွန်သူ အဆိုတော် ဝဠာ(ခေါ်) ဇော်ဝင်းထွဋ်က မြဝတီ ခွင်ထဲမှာရှိနေတဲ့ Lion Battalion စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါး တို့ဆီမှာ ကာလအတော်ကြာ ရောက်ရှိနေတာလို့ သိရပါတယ်။ ဒါကိုလည်း သတင်းထောက်က လွန်ခဲ့တဲ့ နှစ်ရက်ကမှ သိရှိရပြီး အခုဖြစ်စဥ်ကို ကျူးလွန်သူက ဘုန်းကြီးဝတ်ကာ ပုန်းခိုနေထိုင်နေတာလို့ ဆိုပါတယ်။ Lion Battalion ဘက်က ဖြစ်စဥ်သိရှိပြီး ဘုန်းကြီးကျောင်းလိုက်သွားချိန် တခြားဒကာတွေဆီ ခေတ္တသွားမယ်ဆိုပြီး ဝဠာက ဘုန်းကြီးကျောင်းက ထွက်သွားနှင့်တာမို့ ထပ်မံလိုက်လံ ရှာဖွေနေရာနေ ကျူးလွန်သူက ကိုယ်တိုင်လာရောက် အဖမ်းခံတာလို့ သိရပါတယ်။
လက်ရှိ ပဋိပက္ခကာလမှာ ယုံကြည်ချက်နဲ့ ဆောင်ရွက်နေသူတွေဟာ ပဋိပက္ခဖြစ်လာတိုင်း NUG ကို အားကိုးတကြီးတိုင်ကြားပေမဲ့ NUG အစိုးရဟာ အောက်ခြေက တိုက်ပွဲဝင်ရဲဘော်တွေအပါအဝင် နွေဦးတော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းက ပါဝင်နေကြတဲ့ CDM ဝန်ထမ်းတွေအရေး၊ နောက်ပြီး လူမှုရေးပြဿနာအတော်များများရဲ့ ထင်သာ မြင်သာ ပြဿနာဖြစ်တဲ့ သက်ကြားအို ပြည်ပရောက် NLD ပါတီဝင်အတွင်းရေးမှူးက တက္ကသိုလ် CDM ဆရာမရဲ့ သမီးငယ်အပေါ် သက်ငယ်မုဒိန်းမှုကျူးလွန်တာ အပါအဝင် အခြား တောတွင်းဥပဒေလိုဖြစ်နေတဲ့ ဖြေရှင်းမပေးနိုင်တဲ့ လူမှုရေး ပြဿနာတွေ၊ နောက်ပြီးတော်လှန်ရေးမှာ ပါဝင်သူတချို့ရဲ့ အသက်အန္တရာယ်ကို အချင်းချင်းခြိမ်းခြောက်ခံရတာတွေနဲ့ အချင်းချင်း သတ်ဖြတ်ခံရတာတွေကို NUG အစိုးရက လျှစ်လျှူရှုနေတယ်လို့လည်း ထိုင်းရောက် မြန်မာအသိုင်းအဝိုင်းဆီကနေ အသံတွေ ထွက်ပေါ်လာတာကို MT News က ကြားသိရပါတယ်။
အခုအခါ သေဆုံးသူ အမျိုးသမီးငယ်ရဲ့ အမှုကို ဖော်ထုတ်ရေးသားတဲ့ အမျိုးသမီးသတင်းထောက်လည်း မူလနေရပ်ကနေ တိမ်းရှောင်နေရပြီး မိသားစုဝင်တွေလည်း ရုပ်အလောင်းထိုင်းအထိ သွားရောက်ထုတ်ဖို့ ပြည်တွင်းက ဆောင်ရွက်ရမယ့် သက်ဆိုင်ရာ စာရွက်စာတမ်းမပြည့်စုံမှု အခက်အခဲတွေရှိနေတာရော ငွေရေးကြေးရေးပိုင်းအရပါ ခက်ခဲနေတာမို့ လက်ရှိမှာ ဝဠာသတ်လို့ သေဆုံးတဲ့ မနန္ဒာ(ခ) မထက်ထက်ဇော်ကို ဘယ်အချိန်မှာ ဘယ်သူက အလောင်းထုတ်ယူ သင်္ဂြိုဟ်လ်ပေးနိုင်မယ်ဆိုတာကိုလည်း အတိအကျ မသိရသေးဘူးလို့ ကြားသိရပါတယ်။