MT News
၁၆. ၆. ၂၀၂၄
အခြေခံ ဘောလုံးပညာနှင့် ကျောင်းပညာရေးအား အခမဲ့ သင်ကြားပေးလျက်ရှိသည့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)တို့၏ ၂၀၂၄-၂၅ ပညာသင်နှစ်အား ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)၏ မိဘ/ဆရာများ၊ ကျောင်းသားများနှင့် တွေ့ဆုံခြင်းကို မေလ ၃၀ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက မိဘဆရာများနှင့် ကျောင်းသားများအား ခင်မင်ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။
အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)၏ ၂၀၂၄-၂၅ ပညာသင်နှစ် စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့မနက် ၁၀ နာရီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ကျောင်းသား မိဘများ၊ အကယ်ဒမီ ကျောင်းသားများနှင့်အတူ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ခင်စောဦးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကာ/သိပ္ပံ(ရန်ကုန်)တို့မှ တာဝန်ရှိသူများ၊ အမျိုးသား ဘောလုံးအကယ်ဒမီ နည်းပြအုပ်ချုပ်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၏ ၂၀၂၄-၂၅ ပညာသင်နှစ်သို့ ကျောင်းသား စုစုပေါင်း ၈၄ ဦး တက်ရောက် သင်ယူကြမည်ဖြစ်ပြီး သက်ဆိုင်ရာ အခြေခံပညာ ကျောင်းများတွင် အတန်းပညာများ သင်ယူကြမည်ဖြစ်သည်။ ကျောင်းသားများ၏ နေ့စဉ် စားသောက်မှု အာဟာရအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းပံ့ပိုးထားပြီး ကျန်းမာကြံ့ခိုင်မှုနှင့် ဘောလုံး အားကစား ထူးချွန်မှု ရှိစေရန် တာဝန်ရှိသူ အဆင့်ဆင့်ဖြင့် ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်သည်။
ကျောင်းသားများအနေဖြင့် အကယ်ဒမီ ပညာရေး ပြီးဆုံးပါက တစ်ဦးချင်းစီ၏ ကြိုးစားမှုနှင့် ထူးချွန်ထက်မြက်မှု အပေါ်မူတည်၍ ပရော်ဖက်ရှင်နယ် ကစားသမားများအဖြစ် ပြည်တွင်းပြည်ပ ကလပ်အသင်းများတွင် လည်းကောင်း၊ သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အသင်းများနှင့် မြန်မာ့လက်ရွေးစင် အသင်းကြီးတွင် လည်းကောင်း ပါဝင်ကစားခွင့်များ ရရှိကြမည်ဖြစ်သည်။ ထို့အပြင် ပညာရေး ထူးချွန်သူများ အနေဖြင့်လည်း ဘောလုံးကစားသမားဘဝမှ အနားယူခဲ့ပါက ပရော်ဖက်ရှင်နယ်နည်းပြများ အဖြစ်သို့ လည်းကောင်း၊ ဘောလုံးနယ်ပယ် အတွင်းရှိ ပြိုင်ပွဲကျင်းပရေး၊ အုပ်ချုပ်ရေး၊ စီမံရေး၊ ဒိုင်လုပ်ငန်း၊ အားကစား ဆိုင်ရာ စီးပွားရေးနှင့် ပညာရပ်နယ်ပယ်များသို့လည်းကောင်း မိမိအရည်အချင်းနှင့် ကျွမ်းကျင်မှု အလိုက် အသက်မွေးဝမ်းကျောင်းမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။