◾ ဖောက်ထွင်းသမား မြန်မာပြည်သားလည်း ပစ်ခတ်ဖမ်းဆီးခံရလို့ ဝမ်းဗိုက်ကျည်ထိ
၁၆. ၆. ၂၀၂၄
Written by Thettant
အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့က ရဲအရာရှိတစ်ဦးဟာ ကြာသပတေးနေ့( ဇွန်လ ၁၃ ရက်) မွန်းလွဲပိုင်းက နေအိမ် ဖောက်ထွင်းဝင်ရောက်ခိုးယူသူတွေကို သွားရောက်ဖမ်းဆီးချိန် တရားခံ မြန်မာပြည်ဖွားတစ်ဦးရဲ့ အပြန်အလှန် ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်အခြေစိုက်ဒေသတွင်း သတင်းဌာနတွေဖော်ပြထားမှုနဲ့ အမေရိကန်ရောက် မြန်မာတွေ မျှဝေမှုအရ သိရပါတယ်။
ဖြစ်စဉ်က ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း ၄ နာရီ ၁၅ မိနစ်ခန့်မှာ မိမိရဲ့နေအိမ်ကိုပြန်လာသူအမျိုးသမီးတစ်ဦးက အိမ်ထဲအဝင်မှာ တွဲလျက် ဂိုဒေါင်ဘက်ခြမ်းထဲကနေ ဓားနဲ့ သေနတ်ကိုင်ဆောင်ထားသူ လူနှစ်ဦးကို ရင်ဆိုင်တွေ့ခဲ့လို့ ၉၁၁ ကို အရေးပေါ် ခေါ်ဆိုခဲ့ရာမှာ တာဝန်ရှိသူတွေက ညနေ ၄ နာရီ ၄၄ မိနစ်ခန့်မှာ ဖုန်းဆက်ခေါ်ဆိုရာနေရာဆီ ရောက်လာပြီး တရားခံတွေကို ဖမ်းမိဖို့ ကြိုးစားရာမှာ နောက်ဖေးပြတင်းပေါက်ကနေ ထွက်ပြေးဖို့ကြိုးပမ်းနေတဲ့ ဇာနည်မြင့်ဆိုတဲ့ မြန်မာပြည်ဖွားက မောင်းပြန်သေနတ်နဲ့ပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်းမှာ ရဲအရာရှိတစ်ဦး လက်မောင်းကျည်ထိခဲ့သလို ဇာနည်မြင့်လည်းကျည်ထိခဲ့ပြီး သေနတ်ချန်ကာ ထွက်ပြေးသွားခဲ့တာပါ။ ဒီပစ်ခတ်မှုဖြစ်စဥ်မှာ ဇာနည်မြင့်နဲ့ ရဲအရာရှိတစ်ဦးကျည်ထိပေမဲ့ ကျန်ရဲတပ်ဖွဲ့ဝင်တွေ၊ ဖောက်ထွင်းခံရတဲ့နေအိမ်က မိသားစုဝင်တွေ ထိခိုက်မှူမရှိဘဲ ထွက်ပြေးသွားတဲ့ ဇာနည်မြင့်ကိုလည်း ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး သုံးနာရီအကြာမှာ ဖမ်းမိခဲ့တာပါ။
အသက် ၂၀ ခန့်အရွယ် ဇာနည်မြင့်ဟာ အမေဇုန်မှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သတင်းတချို့မှာ ဖော်ပြထားပေမဲ့ အခြားတရားခံနဲ့ပတ်သက်တာတွေ ဖော်ပြမထားဘဲ လက်ရှိမှာ ဇာနည်မြင့်ကို ဖို့သ်ဝိန်းမြို့မရဲစခန်းက ရဲအရာရှိကိုပစ်ခတ်မှု၊ လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှု၊ ဖောက်ထွင်းမှု၊ ခွင့်ပြုချက်မရှိ လက်နက်ကိုင်ဆောင်မှု အပါအဝင် စွဲချက် အများအပြားနဲ့ အလန် ကောင်တီ အကျဉ်းထောင်ဆီ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဇာနည်မြင့်က အမေရိကန်နိုင်ငံသား ခံယူထားသူလား၊ မြန်မာနိုင်ငံသားလားဆိုတဲ့အချက်တွေ ဖော်ပြထားတာ မတွေ့ရပေမဲ့ ဝမ်းဗိုက်ကျည်ထိမှန်ထားတဲ့ ဇာနည်မြင့်က စိုးရိမ်စရာမရှိဘူးလို့ သိရပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။