၁၆.၆.၂၀၂၄
Written by Tha Doe
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်၌ ပျံ့နှံ့လာသည့် ဗိုလ်မှူးတစ်ဦး၏ ဇနီး မန်နေဂျာအမျိူးသမီးကို အုပ်စုဖွဲ့တိုက်ခိုက်မှုမှာ ဝန်ထမ်း ၆ ဦးက ပြုလုပ်ခြင်းသာဖြစ်ပြီး ဘဏ်ဘက်က ခွဲခြားဆက်ဆံမှုမရှိဟု FDB ဘဏ် ယနေ့တွင် ငြင်းဆန်ချက်ထုတ်ပြန်လာသည်။
FDB(Farmer Development Bank) သည် ယခင် NLD အစိုးရဟောင်းလက်ထက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို ဒေါ်လာ ၈၀၀၀၀ ဖြင့် ဝယ်ယူခဲ့ဖူးပြီး ကိုဗစ်ကာလကလည်း NLD အစိုးရဟောင်းကို သိန်းပေါင်းသောင်းချီလှူဒါန်းခဲ့ဖူးသည့် ဦးစိုင်းမျိုးဝင်း၏ Excellent Fortune Development Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်သလို ဘဏ်ဥက္ကဋ္ဌမှာလည်း EFD Group ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းပင်ဖြစ်ကာ အဆိုပါဘဏ်၏ ချေးငွေဌာနတွင် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်မှစကာ မန်နေဂျာလုပ်ကိုင်သူ ဗိုလ်မှူးတစ်ယောက်၏ဇနီးက တာဝန်ကျေစွာလုပ်ကိုင်သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစကာ နည်းလမ်းပေါင်းစုံထိုးနှက်တိုက်ခိုက်လာကြောင်း၊ တပ်မတော်မိသားစုဝင်များအား နစ်နာအောင်နေ့စဥ်ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြင်ပတွင်ပါအုပ်စုဖွဲ့ ပြောဆိုခြင်းများကြုံရ၍ လုပ်ငန်းခွင်သွားရောက်ရန်ပင် ကြောက်ရွံကာ စိတ်ကျရောဂါဖြစ်လာကြောင်း၊ ပြည်သူ့စစ်မှူထမ်းဥပဒေအတည်ပြုပြီး ပိုမိုဆိုးရွားလာသောကြောင့် ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်တွင် ဖြစ်စဥ်ဖြင့် တင်ပြသော်လည်း သက်ဆိုရာဌာနအသီးသီးက ဖြေရှင်းမပေးဘဲ “မကျေနပ်လျှင် ကိုယ့်ဘာသာထွက်”ဟု ပြောပြီး တပ်မတော်သားမိသားစုဝင်များကို အလိုမရှိသည့်ပုံစံပေါ်လွင်အောင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါစာကို FDB ဘဏ် Management Team က အချက်ခုနစ်ချက်ပါ “အသိပေးရှင်းလင်းချက်”ဖြင့် ယနေ့ တုံ့ပြန်ခဲ့ပြီး အောက်ပါအတိုင်းဖြစ်သည်။
“၁။ မိမိတို့ FDB Bank သည် ဝန်ထမ်းများ၏ မတူကွဲပြားသည့် ပုဂ္ဂိုလ်ရေးရာ ကိစ္စရပ်များနှင့် ခံယူချက်များ အပေါ်တွင် ကန့်သတ်မှုမထားဘဲ အရည်အချင်းပြည့်ဝသူများကို သာတူညီမျှစွာ စိစစ်ရွေးချယ် ခန့်အပ်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များကို အကဲဖြတ်ခြင်းနှင့် ဝန်ထမ်းတိုင်းအတွက် ထိုက်သင့်သည့် အခွင့်အရေးများ ပြည့်ဝစွာ ပေးအပ်ခြင်း တို့ကို မိမိတို့ဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း မူဝါဒများနှင့်အညီ ပွင့်လင်းမြင်သာစွာ အထူးဂရုပြု၍ အစဉ်တစိုက် ဆောင်ရွက်လျက် ရှိပါသည်။
၂။ ဝန်ထမ်းများအားလုံးသည် အလုပ်စတင် ဝင်ရောက်စဉ်ကပင် မိမိတို့ဘဏ်က ထုတ်ပြန်ထားသည့် ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများတွင် လုပ်ငန်းခွင်အတွင်း ဘဏ်လုပ်ငန်းနှင့် မသက်ဆိုင်သည့် ပုဂ္ဂိုလ်ရေးရာ ကိစ္စရပ်များနှင့် ပါတီနိုင်ငံရေး ကိစ္စရပ်များကို ဆွေးနွေးပြောဆိုခြင်း၊ ဆောင်ရွက်ခြင်း မပြုကြရန် ဝန်ထမ်းတိုင်းမှ သိရှိ သဘောတူကြောင်း ဝန်ခံကတိပြုလက်မှတ် ရေးထိုးထားပြီး ဖြစ်ပါသည်။
၃။ ယခုလတ်တလော လူမှုကွန်ယက်ပေါ်၌ ရေးသားချက်များသည် လုပ်ငန်းခွင်နှင့် မသက်ဆိုင်ဘဲ ဝန်ထမ်း တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးရာ ခံစားချက်သာ ဖြစ်ပြီး မိမိတို့ဘဏ်အနေဖြင့် အဆိုပါဝန်ထမ်းအပေါ်တွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့ခြင်း လုံးဝ(လုံးဝ) မရှိပါ။
၄။ အဆိုပါဝန်ထမ်းသည် (၁.၆.၂၀၂၀) ရက်နေ့၌ FDB Bank ချေးငွေဌာနတွင် မန်နေဂျာရာထူးဖြင့် စတင်ဝင်ရောက်ခဲ့ပြီး (၂၆.၄.၂၀၂၂)ရက်နေ့တွင် လစာတိုးမြှင့် ခံစားခွင့် ရရှိခြင်း၊ (၁.၁.၂၀၂၃)ရက်နေ့တွင် သက်ဆိုင်ရာ ဌာနမှူး၏ ” တစ်ဆင့်ရာထူးတိုးပေးရန် ထောက်ခံ တင်ပြပါသည် ” ဆိုသည့် မှတ်ချက်ဖြင့် မန်နေဂျာရာထူးမှ အကြီးတန်း မန်နေဂျာရာထူးသို့ တိုးမြှင့်ခြင်းနှင့် လစာတိုးမြှင့် ခံစားခွင့် ရရှိခြင်း၊ (၁.၁.၂၀၂၄)ရက်နေ့တွင် လစာတိုးမြှင့် ခံစားခွင့် ရရှိခြင်း တို့ကြောင့် ဝန်ထမ်းကာလ (၄)နှစ်အတွင်း စုစုပေါင်း လစာတိုးမြှင့်ခြင်း (၃)ကြိမ်နှင့် ရာထူးတိုးမြှင့်ခြင်း (၁)ကြိမ် တို့ကို အခြားဝန်ထမ်းများနည်းတူ သာတူညီမျှရှိစွာ ဝန်ထမ်း အကျိုးခံစားခွင့်များကို ရရှိခဲ့ပါသည်။
ထို့အပြင် ဝန်ထမ်းအကျိုးခံစားခွင့်အဖြစ် ဝန်ထမ်းချေးငွေကို (၅.၄.၂၀၂၃)ရက်နေ့တွင် ပေးအပ်ခဲ့ပြီး (၆.၁၁.၂၀၂၃)ရက်နေ့တွင် အဆိုပါဝန်ထမ်းမှ ဘဏ်၏ ဝန်ထမ်းချေးငွေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ အပြေအကျေ ပေးချေခဲ့သည့်အတွက် ဝန်ထမ်းအိမ်ရာချေးငွေကို ချေးငွေသက်တမ်း (၁၅)နှစ်ဖြင့် (၆.၁၁.၂၀၂၃)ရက်နေ့တွင်ပင် ထပ်မံ၍ ပေးအပ်ခဲ့ပါသည်။
၅။ ၎င်းအပြင် လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေခဲ့သည့် Group Chat ပါ ရေးသားချက်များသည် ဘဏ်လုပ်ငန်းအတွက် အသုံးပြုသည့် Working Communication Channel များတွင် ရေးသားပြောဆိုထားခြင်း မဟုတ်ဘဲ ဌာနငယ်အတွင်းရှိ လုပ်ဖော်ကိုင်ဖက် လူနည်းစု (၆)ဦးက ဘဏ်လုပ်ငန်းနှင့် မသက်ဆိုင်သည့် ၎င်းတို့မှ သီးခြားအသုံးပြုသော Personal Group Chat တွင် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်း တို့တွင် ရေးသားပြောဆိုခဲ့မှုများ ဖြစ်ပါသည်။
အဆိုပါ Personal Group Chat တွင် အဓိက ပါဝင်ရေးသားခဲ့ကြသည့် ဝန်ထမ်းများသည်လည်း ဝန်ထမ်းအဖြစ်မှ နုတ်ထွက်သွားခဲ့သည်မှာ နှစ်ကာလတိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ၎င်း Group Chat ကို အသုံးပြုခြင်း မရှိတော့သည်မှာလည်း ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ယခုဖြစ်စဉ်အား စိစစ်ရာတွင် သိရှိရပါသည်။
၆။ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီမှ တစ်သီးပုဂ္ဂလ လွတ်လပ်စွာ ခံယူထားသည့် မတူကွဲပြားသည့် ပုဂ္ဂိုလ်ရေးရာ ကိစ္စရပ်များနှင့် ခံယူချက်များသည် သက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီကိုသာ ကိုယ်စားပြုပါသည်။
၇။ FDB Bank ရှိ ဝန်ထမ်းမိသားစုဝင်များ အားလုံးသည် လုပ်ငန်းခွင်အတွင်း ချစ်ခင်ရင်းနှီးစွာ တာဝန်ထမ်းဆောင်ကြရမည် ဖြစ်ပြီး ခွဲခြားဆက်ဆံမှုများ ရှိပါက ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် FDB Bank သည် လူမျိုး၊ ဘာသာ မခွဲခြားဘဲ သာတူညီမျှရှိစွာဖြင့် အများပြည်သူကို အကျိုးပြုစေမည့် ဘဏ်တစ်ဘဏ် ဖြစ်စေရန် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တို့နှင့်အညီ ဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းကို လေးစားစွာဖြင့် အသိပေးအပ်ပါသည်။(သတ်ပုံမူရင်း)” ဟု FDB Bank Management Team က တုံ့ပြန်ခဲ့ပြီး ခွဲခြားဆက်ဆံသူများကို အရေးယူကြောင်း၊ အလုပ်ထွက်သွားသူများကို ဆက်သွယ်ဖြေရှင်းရေးလုပ်ဆောင်မှုများပြုလုပ်နေကြောင်း ဖော်ပြခဲ့မှုမရှိသည်ကို တွေ့ရသည်။