၁၆.၆. ၂၀၂၄
Written by Shwe Phyo
ထိုင်းအစိုးရအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ် မာရီယာ ဆန်ဂိုင်ပွန်ဆာက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံ တည်ငြိမ်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေးကို ပိုမိုခိုင်မာကောင်းမွန်စေရန် ထိန်းသိမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း၊ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်က ထပ်မံပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆန်ဂိုင်ပွန်ဆာက” အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာထားရှိတဲ့ ကျွန်တော်တို့ရဲ့မူဝါဒဟာ အပြန်အလှန်ငြိမ်းချမ်းရေး ရရှိအောင် ပူးပေါင်းကြိုးပမ်းမှုတွေကို ဖန်တီးနိုင်မယ့် အပြန်အလှန်ငြိမ်းချမ်းရေးသာဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများက ထိုင်းနှင့်မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက်ကို သက်ရောက်မှုများရှိနေခဲ့ကြောင်း၊ ထိုင်းနိုင်ငံအပေါ် သက်ရောက်နေသော မြန်မာအရေးကိစ္စများကို ဖြေရှင်းနိုင်ရန်နှင့် နယ်စပ်ဒေသလုံခြုံရေး ပြန်လည်ရရှိစေရန်အတွက် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ရရှိစေရန် ဆန္ဒရှိနေကြောင်းဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။
“လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီး မြန်မာအရေးကိစ္စကို ဖြေရှင်းနိုင်အောင် ဦးစားပေးဆောင်ရွက်သွားမယ်။ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေမှာ အဓိက ပလေယာတစ်ဦးအဖြစ် ပါဝင်သွားဖို့ လိုလားနေပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေရပ်တန့်သွားတာ တွေ့မြင်လိုပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံအတွက် အဓိက စိုးရိမ်စရာဖြစ်စေတယ်။ ဒါ့အပြင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ ဆက်နွယ်နေသူအားလုံး လက်ခံစေလိုတယ်။
တရားမဝင်မူးယစ်ဆေးဝါးတင်ပို့မှုတွေ၊ အွန်လိုင်းကတစ်ဆင့် လိမ်လည်မှုတွေ၊ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို တိုက်ဖျက်နိုင်အောင် မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟုပြောသည်။
ထိုင်းနိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းနေသလို နေရပ်စွန့်ခွာနေရသူများကိုလည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် ကြိုးပမ်းနေကြောင်း သိရသည်။
REF thethaiger