၁၆.၆. ၂၀၂၄
Written by Shwe Phyo
အမေရိကန်နိုင်ငံ Idaho ပြည်နယ်မှာနေထိုင်တဲ့ ခွေးပိုင်ရှင်တစ်ဦးဟာ သစ္စာရှိတဲ့ခွေးလေးတစ်ကောင်ရဲ့ ကူညီပေးမှုကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ရတယ်လို့ အမေရိကန်အခြေစိုက်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဘရမ်ဒန် ဂါရက်ဆိုသူဟာ သူ့ရဲ့ခွေးတွေကို ပစ်ကပ်ကားပေါ် ခေါ်ဆောင်ပြီး ခရီးသွားချိန်မှာ အိုရီဂွန် ဒေသရှိတောင်ကြောလမ်းတွေကို ဖြတ်သန်းမောင်းနှင်ချိန်အတွင်း ကားအရှိန်ကို မထိန်းနိုင်ဘဲ တောင်ကြောလမ်းဘေးရှိချောက်ထဲကို ကားနဲ့အတူ ပြုတ်ကျခဲ့ပါတယ်။
အဲဒီအချိန်မှာ ဂါရက်နဲ့အတူ ပါလာတဲ့ခွေးလေးတစ်ကောင်ဟာ အသက်ရှင် လွတ်မြောက်ခဲ့ပြီး အဲဒီခွေးလေးဟာ လေးမိုင်အကွာရှိ ဂါရက်ရဲ့ မိသားစုဝင်များ ရှိနေမယ့်နေရာတွေ အနံခံလိုက်ရှာပြီး ကားအက်ဆီးဒန့်ဖြစ်ပွားတဲ့အကြောင်းအရင်းကို ပြောပြဖို့ ကြိုးပမ်းရာကနေ ချောက်ထဲကျနေတဲ့ ဂါရက်နဲ့ အခြားခွေးတွေကို ပြန်လည်ကယ်တင်နိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဂါရက် ရဲ့မိသားစုဝင်တွေဟာ အပြာရောင်ခွေးကလေးတစ်ကောင်တည်း ပြန်လာမှုကို သံသယရှိခဲ့ရာကနေ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အခြား မိသားစုဝင်တွေကိုအကြောင်းကြားပြီး ရှာဖွေဖို့ ကြိုးပမ်းခဲ့လို့ အသက် ၆၃ နှစ်အရွယ် ဂါရက်ကို ပြန်လည်ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးသမားတွေက တောင်ကြောလမ်းရဲ့ဘေးနားမှာရှိတဲ့ချောက်ထဲမှာ ကားတစ်စီးပြုတ်ကျနေတာ တွေ့မြင်ရပြီး ဂါရက်နဲ့အခြားခွေးသုံးကောင်ဟာ ဒဏ်ရာတွေရရှိထားတဲ့အတွက် ဘယ်ကိုမှမသွားနိုင်ဘဲ ချောက်ထဲမှာ တစ်ညလုံးကုန်ဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ရှာဖွေကယ်ဆယ်ရေးသမားတွေနဲ့မိသားစုဝင်တွေဟာ ဂါရက်နဲ့ အခြားခွေးတွေကို ကယ်တင်နိုင်ဖို့ ကြိုးတွေ အသုံးပြုကာ ပြန်လည်ဆွဲတင်ခဲ့ရပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ ခွေးကလေးသာ အကွာအဝေး ၄ မိုင်မှာ ရှိနေတဲ့ မိသားစုဝင်တွေကို အဖြစ်ပျက်တွေသိအောင် ပြန်လာရှာဖွေတာမျိုး မလုပ်ဆောင်နိုင်ခဲ့ရင် ဂါရက်နဲ့အခြားခွေးတွေဟာ အခက်အခဲများစွာ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြထားပါတယ်။
REFoutdoorlife