၁၆.၆. ၂၀၂၄
Written by Shwe Phyo
စိန့်မာတင်ကျွန်းသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရနှင့် ငြိမ်းချမ်းစွာဆွေးနွေးနိုင်ရန် ကြိုးပမ်းနေကြောင်း ဘင်္ဂလားဒေ့ရှ်လမ်းတံတားနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး အိုဘီယာဒေါ ကွာဒါက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ခြမ်းမှ ပစ်ခတ်လိုက်သော ကျည်ဆံများသည် စိန့်မာတင်ကျွန်းဘက်သို့ ကျရောက်မှုများရှိခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက ဖော်ပြထားမှုအပေါ် ဆောင်ရွက်နေမှုအား ဝန်ကြီးကွာဒါက ပြောလာခြင်းလည်းဖြစ်သည်။
ဝန်ကြီးကွာဒါက ” ကျွန်တော်တို့ဟာ အဆင့်သင့်ရှိနေပါတယ်။ တိုက်ခိုက်မှုလုပ်ဆောင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပစ်ခတ်တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်လာမယ်ဆိုရင်တော့ တုံ့ဆိုင်းနေမှာ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ကို ထပ်မံတိုက်ခိုက်လာမယ်ဆိုရင် ခုခံတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ရမယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ဆန့်ကျင်ဘက်နိုင်ငံ မဟုတ်ပါဘူး။ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တံခါးဖွင့်လှစ်ထားပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ ပြည်တွင်းရေး အခက်ခဲတွေရှိနေတယ်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအုပ်စုတွေကြား ပဋိပက္ခတွေဖြစ်နေတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းရေးပြဿနာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံပါ ထပ်မံ ရင်ဆိုင်ရမယ်ဆိုရင် အလွန်စိတ်မကောင်းမရာ ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ဟာ စစ်ပွဲတွေကို ရှောင်ရှားနိုင်အောင် ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးပြီး အငြင်းပွားပြဿနာတွေကိုဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်။ ဒီတစ်ကြိမ် ထပ်မံ ပစ်ခတ်လာမယ်ဆိုရင်တော့ တုံ့ပြန်သွားတော့မှာဖြစ်ပါတယ်။ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင်တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရသည် နယ်စပ်ဒေသတွင် လုံခြုံရေးတင်းကြပ်ထားပြီး မြန်မာနိုင်ငံဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တရားမဝင် ဝင်ရောက်လာသူများကို တားဆီးနိုင်ရန် အနီးကပ်စောင့်ကြည့်နေကြောင်း သိရသည်။
REF risingbd