၁၆. ၆.၂၀၂၄
Written by Hey Mar
လယ်ကွက်ရေကန်ထဲက မျိုးစပါးအိတ်တွေကို ဆင်းဆယ်ရာက အသက် ၆၀ ဝန်းကျင် အမျိုးသားကြီးတစ်ဦး ၃ ပေဝန်းကျင် ရေအနက်မှာ ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဥ် မနေ့က ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းက သထုံမြို့ပေါ်တော်မူအပိုင်၊ ပေါ်တော်မူကွင်းအမှတ်(၆၅၃)လယ်ကွက်ရှိရေကန်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ရေနစ်သေဆုံးသူအမျိုးသားကြီးက လိပ်အင်းရပ်ကွက်၊ နတ်ကျွန်းမှာ နေထိုင်သူလို့ သိရရှိရပြီး ရုပ်အလောင်းကို သွားရောက်ကူညီသယ်ဆောင်ပေးတဲ့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက”သူက အရက်သောက်ထားတယ်။ ချော်လဲရာက ပြန်မထနိုင်ဘဲ နစ်ပုံရတယ်။ ရေစပ် ၃ ပေလောက်ပဲ နက်မယ်။ ပေါင်လည်တောင်မရှိဘူး သူနစ်နေတဲ့ နေရာက”လို့ MT News ကို ပြောပါတယ်။
လယ်ကွင်းရေကန်အတွင်း ရေနစ်သေဆုံးနေသူအမျိုးသားရုပ်အလောင်းကို အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းက ဆယ်ယူပြီး ထုပ်ပိုးကာ ကျောက်တန်းသုဿန်ဆီ ပါရမီ l(အခမဲ့)နာရေးကူညီမှုအသင်းပိုင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။